မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုဒဏ်ကို တိုင်းနှင့် ပြည်နယ် နေရာအနှံ့ ခံစားရပြီး ထိခိုက်ပျက်စီးမှု အဆိုးဆုံးကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ခံစားခဲ့ရသည်ဟု သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်တွင် အင်အားပြင်းငလျင်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် တံတားများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
“မန္တလေးမှာ အပျက်အစီးများတယ်။ တိုက်တွေပြိုကျတယ်။ နန်းမြို့ရိုးလည်း ပြိုကျသွားတယ်။ ငလျင်လှုပ်တာကြောင့် မီးပါထလောင်လို့ လူအသေအပျောက်များပါတယ်။ ဆေးရုံကြီးမှာ လူနာမနိုင်တော့ဘူးလို့ သိရတယ်။” ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၀)ဝန်းကျင်တွင် လမ်းပျက်စီးသွားပြီး စစ်ကိုင်းတံတားဟောင်းမှာ ထက်ပိုင်းကျိုးကျသွားသည်။
“၅ မိနစ်လောက်ရှိတယ် လှုပ်ခါနေတာပဲ။ အိမ်အောက်ကို ဆင်းပြေးရတာ။”ဟု ပဲခူးမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ငလျင်ကြောင့် နေပြည်တော် ဇမ္ဗူသီရိမြိုနယ်၊ MICC 2 အနီးရှိ တိုက်မြေညီထပ်မှာ မြေကြီးအတွင်းသို့ ကျွံဝင်သွားပြီး ကလေးငယ်တစ်ဦး ပိတ်မိနေခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားနှင့် အဆောက်အဦးများမှာလည်း ငလျင်ကြောင့် ပျက်စီးမှုများရှိကာ အောင်ပန်းမြို့တွင်လည်း ဟိုတယ်အောင်ပန်းမှာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည်ဟု သိရသည်။
ထို့အပြင် မန္တလေးမြို့တွင် မဟာမြတ်မုရိဘုရားတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိပြီး မစိုးရိမ်ကျောင်းတိုက် သံဃာအပါး(၁၅၀)ဝန်းကျင်ရှိ တိုးချဲ့ဆောင်ပြိုကျ၍ သံဃာတချို့ဒဏ်ရာရရှိကာ အမရပူရမြို့နယ်တွင်လည်း ပုထိုးတော်ကြီးဘုရားအပါဝင် စေတီတော်များပျက်စီးသွားသည်ဟု သိရသည်။
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင်လည်း ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ (၁၀) ဦး ထက်မနည်း သေဆုံးသွားသည်ဟုလည်း သိရသည်။
“ငလျင်လှုပ်တာ အောက်ဆင်းနေရတယ်။ တော်တော်ကြမ်းတယ်။ ဘုရားပန်းအိုးတွေ၊ ဓာတ်ကြိုးတွေခါနေတာ။ လူတောင်အောက်ဆင်းပြေးရတယ်။”ဟု ရန်ကုန်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အထိ အင်အားပြင်းငလျင်လှုပ်ခတ်မှုဒဏ်ကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် ခံစားခဲ့ရပြီး ငလျင်ဗဟိုချက်မှာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် ၁၂ ကီလိုမီတာ အကွာမှဖြစ်သည်ဟု သိရသည်။
ထပ်မံ ရရှိသည့် အချက်အလက်များကို Tachileik News Agency အနေဖြင့် စုစည်းဖော်ပြသွားမည်ဖြစ်ပါသည်။
#TachileikNewsAgency
Photo: Internet