၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့် လုပ်ဆောင်ပြီးဖြစ်၍ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်မှာ အချိန်ကာလအားဖြင့် (၉)လခန့်သာ ကျန်ရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။
"ရွေးကောက်ပွဲအား ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၏ ဒုတိယပတ် နှင့် တတိယပတ်၊ ဇန်နဝါရီလ၏ ပထမပတ် နှင့် ဒုတိယပတ်အတွင်းတို့တွင် ကျင်းပရန် လျာထားပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရေး အချိန်ကာလအားဖြင့် (၉)လခန့်ကျန်ရှိသာကျန်ရှိ၍ ကြိုတင်ပြင်ဆင်ချိန် ပေးသွားမည်ဖြစ်ကြောင်း နှင့် မည်သို့ပင် ဖြစ်စေ လာမည့် နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန် လိုကြောင်း။"အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီ ဗဟိုအစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ အစည်းအဝေးကို ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေးသို့ တက်ရောက်လာသည့် စစ်ကောင်စီအဖွဲ့ဝင်များကို ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။
အဆိုပါ အစည်းဝေးတွင် "ယခင်ရွေး ကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူ အနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ် ကျင့်သုံးနိုင်ရေး လျာထားပြီး အားလုံးသဘောတူညီဆုံးဖြတ်ပြီး တစ်နိုင်ငံလုံးကို အသိပေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကို မထိခိုက်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရန် နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေး နိုင်ရန်အတွက်လိုကြောင်း" စစ်ခေါင်းဆောင်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားသို့ နောက်ဆုံးခရီးစဉ်အတွင်းက ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံခဲ့စဉ်ကလည်း မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ နှင့် မြန်မာနိုင်ငံ ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
၎င်းအနေဖြင့် အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် စဉ်းစားခဲ့သော်လည်း Covid-19 အလွန်ကာလဖြစ်ခြင်းနှင့်အတူ ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်မှု လိုအပ်နေသည့်အတွက် သတ်မှတ်ကာလအတွင်း မကျင်းပနိုင်ခဲ့၍ ယခုအခါ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း အပြီးလုပ်ဆောင်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ကြုံးဝါးထားသော်လည်း မြို့ကြီးများကလွဲ၍ နေရာတော်တော်များများတွင် စစ်မက်ဖြစ်ပွားနေဆဲဖြစ်သလို စစ်ကောင်စီ၏ တပ်စခန်းများနှင့် တိုင်းစစ်ဌာနချုပ်များပါ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်သို့ ကျရောက်ထားသည့် အခြေအနေ ဖြစ်နေသည်။