သံတွဲတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများ ပြတ်တောက်နေ

သံတွဲတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများ ပြတ်တောက်နေ

ရခိုင်ပြည်နယ် သံတွဲမြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှဆက်တိုက်ဗုံးကြဲနေသဖြင့် ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျကာ မြို့တွင်းဖုန်းလိုင်းများပြတ်တောက်နေပြီး မြို့တွင်းပိတ်မိနေသည့် ဒေသခံများကို အာရက္ခတပ်တော်(AA)က ကယ်ထုတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ကစတင်ကာ မြို့တွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲချခြင်းကြောင့် သံတွဲမြို့အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကာ အဆက်အသွယ်များ ပြတ်တောက်နေသည်ဟု သိရသည်။

“မြို့တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ လေကြောင်းကနေ ဗုံးကြဲနေတာ။ ဒေသခံ ၂၀ ဦးလောက်ကို AA က ကယ်ထုတ်ပေးတယ်။ ဖုန်းလိုင်းတွေ ပြတ်သွားတာက နံတော်တောင်ပေါ်က တာဝါတိုင် ဗုံးကြဲခံရပြီး ကျိုးကျသွားလို့။ တခြားအကြောင်းအရာတွေတော့ မသိရသေးဘူး။ (၁၃)ရက်နေ့ကတော့ မြို့တွင်း ဗုံးကြဲခံရလို့ အနော်ရထာလမ်းကိုကျတာ ဒေသခံတစ်ဦးသေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ဇူလိုင်လ (၁၄)ရက်နေ့တွင်လည်း ငပလီကမ်းခြေရှိ မြပြင်ရပ်ကွက်နှင့် လင်းသာရပ်ကွက် အစပ်နေရာများကို စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ မီးလောင်မှုဖြစ်ခဲ့သဖြင့် သံတွဲမြို့အနီးရှိ ရပ်ကွက်၊ ကျေးရွာများမှ ကျန်ရှိနေသည့် ဒေသခံများကို အာရက္ခတပ်တော်(AA)က ထပ်မံပြောင်းရွှေ့ခိုင်းနေသည်ဟု သိရသည်။

“သံတွဲမြို့အနီးနားက ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံတွေအားလုံးကို AAက ထပ်ပြောင်းရွှေ့ခိုင်းတယ်။ စစ်ကောင်စီက လေကြောင်းကော၊ လက်နက်ကြီးတွေနဲ့ကော ပစ်နေတော့ ဘေးကင်းအောင်လို့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သံတွဲမြို့ ငပလီကမ်းခြေအခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ(၅၅)ကို AAက ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့တွင်လည်းကောင်း၊ ခမရ (၅၆၆)ကို ဇွန်လ (၂၇)ရက်နေ့တွင်လည်းကောင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency