ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၆)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး ၊ ဆေးပေးခန်း (၂)ခန်း၊ ဆန်စက် (၁)လုံးနှင့် ပြည်သူပိုင် အဆောက်အဦး (၂)လုံးတို့ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄)မှ နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၂)ရက်နေ့ အတွင်းတွင် ရေတွင်းကုန်းကျေးရွာရှိ ချိန်းချောင်းတံတား၊ အလယ်ကျွန်းကျေးရွာ၊ ကညှင်ကြိုးကျေးရွာ၊ လိန်ပင်ကျေးရွာ တို့ကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ကညှင်ကြိုးကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဝါချဲကျေးရွာနှင့် ဂရုပ်ကုန်းကျေးရွာတို့ကို ဗုံသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ခလရ (၂၆၄)၏ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကညှင်ကြိုးကျေးရွာမှ ဒေါ်ခင်စန်းဝင်း၊ ဦးဝါဝင် ၊ဒေါ်ငြိမ်းခင်၊ မအေးယုနှင့် ဦးသားငွေတို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့ရကာ ကျောင်းကုန်းကျေးရွာမှ ဦးအနား၏ နေအိမ် နှင့် ဆန်စက် (၁)လုံးတို့ ပျက်စီးခဲ့သည့်အပြင် အလယ်ကျွန်းကျေးရွာမှ မဇာနီဝင်းကိုလည်း ပိန်းဇလုပ် အဝင်ဂိတ်တွင် အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စဉ့်အိုးလာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ နံဇကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သူဌေးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဂရုပ်ကုန်ကျေးရွာသို့ ၈၁ မမ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့ရာ ဦးကျော်မင်းထူး သည် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကုန်းချောင်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ကလည်း နိုဝင်ဘာလ (၂၁)ရက်နေ့တွင် တလှိုင်းခင်ကျေးရွာနှင့် နိုဝင်ဘာလလ (၂၆)ရက်နေ့တွင် တောကြောင်ပေါက်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၂၃)ရက်နေ့တွင်လည်း နတ်သံကွင်းရှိ စစ်ကောင်စီတပ်က နိုဖိုးကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်းကို ဒရုန်းဖြင့် (၁)ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ တောကြောင်ပေါက်ရွာအတွင်းသို့ ဒရုန်းဖြင့် (၁)ကြိမ်နှင့် ပဲသောင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောက်တံခါးရှိ စစ်ကောင်စီတပ်က နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာအတွင်းသို့ (၆၀)မမ လက်နက်ကြီး (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
နတ်သံကွင်းရှိ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် သူးကဘီး (ကျွဲတလင်း) ကျေးရွာ ဆေးပေးခန်းရှိ ဆေးခန်း (၂)ခန်း နှင့် အခြားအဆောက်အဦး (၂)လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU