ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် စမ်းမအိုင်ရွာကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လ (၂၃)ရက်နေ့ ညသန်းခေါင်ကတည်းက ယနေ့နံနက်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
စမ်းမအိုင်ရွာကို ယမန်နေ့ ညသန်းခေါင်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း (၂)ဦးသေဆုံးကာ၊ (၇)ဦး ဒဏ်ရာရရှိသွားပြီး ယနေ့တွင်လည်း လေကြောင်းမှ ဗုံးလာကြဲနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဗုံး (၁၅)လုံးလောက် ကြဲပြီး စက်သေနတ်နဲ့ပါ ပစ်တယ်။ ညဘက်ကြီးဆိုတော့ လေယာဉ်ပျံဝဲသံကြားပြီး မကြာဘူး ကြဲချသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပေါင်းတည်မြို့နယ် စမ်းမအိုင်ရွာကို လေကြောင်းတိုက်ခိုက်ခံရမှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းအကူးတွင် မကွေးတိုင်းအတွင်း မြိုင်မြို့နယ် ဥယျာဉ်ရွာ ဘုန်းကြီးကျောင်းနှင့် ညပိုင်းတွင် ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာအနီးကိုလည်း စက်တပ်လေထီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အလားတူ မတ်လ (၂၂)ရက်နေ့ ညသန်းခေါင်တွင်လည်း မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လက်ဝဲ မြင်းနီကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ညနေပိုင်းတွင် မြင်းခြံမြို့နယ် တောပုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency