တိုက်ပွဲတွင် သေဆုံးသည့် တော်လှန်ရေးရဲဘော်များနှင့် ဒေသခံများအတွက် လားရှိုးမြို့တွင် ဆုတောင်းပွဲလုပ်

တိုက်ပွဲတွင် သေဆုံးသည့် တော်လှန်ရေးရဲဘော်များနှင့် ဒေသခံများအတွက် လားရှိုးမြို့တွင် ဆုတောင်းပွဲလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်(MNDAA)ကထိန်းချုပ်ထားသော လားရှိုးမြို့တွင် သေဆုံးခဲ့ရသော တော်လှန်ရေး သူရဲကောင်းများနှင့် ပြည်သူများအားရည်စူး၍ ဆုတောင်းပွဲကို ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့က စတင်ပြုလုပ်နေပြီဟု MNDAA ထံမှ သိရသည်။

လားရှိုးတိုက်ပွဲအတွင်း ရဲရင့်စွာ သေဆုံးခဲ့ရသော တော်လှန်ရေး သူရဲကောင်းများနှင့် စစ်မီးအတွင်း ကံမကောင်းစွာ ကွယ်လွန်ခဲ့သော ပြည်သူများအား ဝမ်းနည်းကြေကွဲစွာ အောက်မေ့သတိရပြီး ကွယ်လွန်သူများ အနားယူနိုင်ရန် MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ကိုးကန့်လူမျိုးနှင့် လားရှိုးဒေသ၏ ရိုးရာထုံးတမ်းစဉ်လာအရ (၁၅)ရက် ကြာ သာဓုခေါ် ဆုတောင်းပွဲပြုလုပ်မည်ဟု သိရသည်။ 

“ပွဲလုပ်ဖို့ အလှူငွေကောက်တာတော့ ပြီးသွားပြီ။ ၁၅ ရက်ကြာလုပ်မယ်လို့တော့ သိရပါတယ်။ နောက်ထပ်လည်း တရုတ်နတ်ဆရာတွေနဲ့ အမျှဝေဆုတောင်းကြဦးမယ်။”ဟု MNDAA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါပွဲကို မဟာမိတ်တပ်ဖွဲ့များ၊  အထူးဒေသရဲတပ်ဖွဲ့၊ စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သည်များနှင့် စစ်ပွဲကာလအတွင်း သေဆုံးခဲ့သော တိုင်းရင်းသား ပြည်သူများအားလုံးကို ဆုတောင်းအမျှဝေပေးမည်ဟု ဆိုသည်။ 

ဆုတောင်းပွဲကို  ရဟန်းသံဃာတော်များက ပရိတ်ရွတ်ဖတ် အမျှပေးဝေပြီး တော်လှန်ရေး သူရဲကောင်းများနှင့် သေဆုံးခဲ့သော ပြည်သူများအတွက် ဆုတောင်းအမျှဝေပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဒေသခံ ကိုးကန့်ရိုးရာ ဘုန်ကြီးများကို ဖိတ်ကြားကာ အမျှဝေပွဲကာလအတွင်း ရိုးရာထုံးတမ်းစဉ်လာအရ သာဓုခေါ်အမျှဝေပွဲများ ဆက်လက်ကျင်းပသွားမည်ဟုလည်း သိရသည်။

#TachileikNewsAgency