လားရှိုးမြို့တွင် ကလေးသူငယ်များအား တပ်သားသစ်အဖြစ် မစုဆောင်းရဆိုသည့်အချက် ပါဝင်သည့် တပ်သားများ လိုက်နာရမည့် စည်းကမ်းများကို MNDAA ထုတ်ပြန်  

လားရှိုးမြို့တွင် ကလေးသူငယ်များအား တပ်သားသစ်အဖြစ် မစုဆောင်းရဆိုသည့်အချက် ပါဝင်သည့် တပ်သားများ လိုက်နာရမည့် စည်းကမ်းများကို MNDAA ထုတ်ပြန်  
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကလေးသူငယ်များအား တပ်သားသစ်အဖြစ် မစုဆောင်းရဆိုသည့် အချက်အပါအဝင် MNDAA တပ်သားများ လိုက်နာရမည် အချက်များစွာကို  MNDAA စစ်ရေးကော်မတီက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် လားရှိုးမြို့အနီးတစ်၀ိုက် (သို့မဟုတ်) မြို့တွင်းသို့ ဝင်ရောက်လျက်ရှိသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့်ဟုပါရှိပြီး အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရ၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရ၊ စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရ၊ စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံခြင်းမပြုရ၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအ တွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ၊ ခွင့်ပြုမိန့်မရှိဘဲ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းမပြုရ၊ သိမ်းဆည်းရရှိပစ္စည်းများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ အပ်နှံရမည်၊ လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရ၊ လူမျိုးဘာသာ ခွဲခြားခြင်းမပြုရဟု ပါရှိသည်။

 

အထက်ဖော်ပြပါ စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖော်ဆောင်ရန်နှင့် ဘေးဒုက္ခကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းထားသည်။

ထို့အပြင် ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ပေးရမည်၊ သမိုင်းဝင်အမွှေအနှစ်နှင့် စာရွက်စာတမ်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရမည်၊ စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်၊ ဒေသခံနယ် မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲနေရာချထားပေးရမည်၊ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို အထူးစောင့်ရှောက်ပေးရမည်၊ ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများကို လူသားချင်းစာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်ဟု ပါရှိသည်။

လက်ရှိ ဒေသခံရပ်ကွက်နှင့် သူကြီးများအားလုံးမှတစ်ဆင့် ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှ ကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန်အတွက် ပညာဗဟုသုတပေးခြင်းနှင့် ရပ်ကွက်လုံခြုံရေး၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ ကာကွယ်ပေးခြင်းများကို အကောင်အထည်ဖော်ပေးရမည်၊ လားရှိုးမြို့တွင်းရှိ လက်ရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း ဆက်လက်ထမ်းဆောင်ထားနိုင်သည်၊ MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့် လိုက်နာမှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး လီဦးစီးဌာနမှူး - ၀၉၆၇၈၂၄၃၆၂၆၊ ရန်ဦးစီးဌာနမှူး  - ၀၉၆၇၈၁၇၂၁၃၆၊ ဟဲအရာရှိ - ၀၉၈၈၂၉၅၄၅၆၅ တို့ကို တိုင်ကြားနိုင်သည်ဟုလည်း ပါရှိသည်။

#TachileikNewsAgency

Photo: The Kokang