စစ်ကောင်စီတပ်တွင်း အသက်မပြည့်သေးဘဲ စစ်သားစုဆောင်းခံထားရသည့် ကလေးစစ်သား (၉၃)ဦးကို ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကုလအဖွဲ့အစည်းများရှေ့၌ မိဘများထံ ပြန်လည်လွှဲပြောင်းပေးကြောင်း သိရသည်။
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်အသီးသီး၌ စိစစ်တွေ့ရှိရသည့် အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား ကလေးစစ်သားများ မိဘ၊ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီး မိဘ၊အုပ်ထိန်းသူများနှင့် အဆက်အသွယ်မရသည့် ကလေးများအား ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ထားရှိမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယင်းသို့ကလေးစစ်သားများအား အုပ်ထိန်းသူများထံ အခမ်းအနားဖြင့် လွှဲပြောင်းရာ စစ်ကောင်စီ၏ ဝန်ကြီးဌာနများနှင့်အတူ UNRCO၊ UNICEF၊ UNHCR၊ ILO တို့ကလည်း တက်ရောက်ကြခြင်းဖြစ်သည်။
ယင်းသို့ ကလေးစစ်သားများအား စိစစ်နှုတ်ထွက်စေခြင်းကို UNCTFMR နှင့် ၂၀၁၂ ဇွန်လ (၂၇)ရက်နေ့ကတည်းက လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းစီမံချက်အရ ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းစီမံချက်အရ ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အထိ စစ်တပ်တွင်း စုဆောင်းခံထားရသည့် ကလေးစစ်သား (၁၁၅၀)ဦးကို နှုတ်ထွက်ခွင့်ပေးထားပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
သို့ရာတွင် စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာပင် ကလေးစစ်သား (၁၀၀၀)ကျော်ကို အသုံးပြုခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့ကထုတ်သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
စစ်ကောင်စီတပ်တွင် ယခင်ကတည်းက တပ်သားစုဆောင်းသူအဆင့်ဆင့်က အရွယ်မရောက်သေးသူများကိုပါ နည်းလမ်းမျိုးစုံဖြင့် ခေါ်ယူစုဆောင်းမှုများရှိနေရာမှ တပ်အင်အားပြုန်းတီးလာမှုကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ကာ စစ်သားအင်အား စုဆောင်းလာသည့် ယမန်နှစ်မှစ၍ လူငယ်လူရွယ်များ အဓမ္မစုဆောင်းခံရသည့်သတင်းများ ဆက်တိုက်ထွက်ပေါ်နေသည်ကိုလည်း တွေ့ရသည်။
#TachileikNewsAgency