နောင်ချိုကို စစ်ကောင်စီ ဗုံးထပ်ကြဲချ၍ အရပ်သားတစ်ဦးသေပြီး ကလေး ၂ ဦး အပါ ၄ ဦးဒဏ်ရာရ

နောင်ချိုကို စစ်ကောင်စီ ဗုံးထပ်ကြဲချ၍ အရပ်သားတစ်ဦးသေပြီး ကလေး ၂ ဦး အပါ ၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအုပ်စုကို စစ်ကောင်စီတပ်သည် ယမန်နေ့ ည(၈)နာရီခွဲတွင် လေကြောင်းမှ ပေါင်(၂၅၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရသည်ဟု သိရသည်။

“တစ်ဦးသေသွားတယ်။ ကလေးနှစ်ဦးအပါအဝင် (၄)ဦး ဒဏ်ရာရတယ်။ အသက် (၈၀)အရွယ် အဖွားတစ်ဦး သေတယ်။ ဒဏ်ရာရ ကလေးနှစ်ဦးက အသက် (၉)နှစ် နဲ့ (၁၅)နှစ်အရွယ်တွေပါ။”ဟု TNLA ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘန့်ဘွေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် နေအိမ်(၃)လုံး ပျက်စီးသွားသည်ဟုလည်း သိရသည်။ 

စစ်ကောင်စီ၏ နှစ်ရက်အတွင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁၀)လုံးကျော် ပျက်စီးသွားရသည်ဟု သိရသည်။

ဘန့်ဘွေးရွာသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော နောင်ချိုမြို့နှင့် (၁၉)မိုင်အကွာ ပြင်ဦးလွင်-နောင်ချိုကားလမ်းပေါ်တွင်ရှိသည်။ 

ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီသည် ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချရာ အရပ်သား(၃)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများမှာ ဘူတာရပ်ကွက်နေ အရပ်သား(၂)ဦးနှင့် ပြည်သူ့ဆေးရုံမှ အရပ်သားတစ်ဦးတို့ဖြစ်သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။

TNLA နှင့် စစ်ကောင်စီတို့သည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံမှုတွင် ပြေလည်မှုမရရှိခဲ့ကြသဖြင့် စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

#TachileikNewsAgency