ထိုင်း - မြန်မာ နယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ချင်းမိုင်ခရိုင်အကြား မယ့်အိုင်းဒေသအတွင်းသို့ မူးယစ်ဆေး သယ်လာသည့်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး

ထိုင်း - မြန်မာ နယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ချင်းမိုင်ခရိုင်အကြား မယ့်အိုင်းဒေသအတွင်းသို့ မူးယစ်ဆေး သယ်လာသည့်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး

 ထိုင်း - မြန်မာ နယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ချင်းမိုင်ခရိုင်အကြား မယ့်အိုင်းဒေသအတွင်းသို့ မြန်မာဘက်ကနေ မူးယစ်ဆေးဝါး သယ်လာသည့် အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းအလှည့်အဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့ဘက်မှ တစ်ဦးသေပြီး မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိသည်ဟု ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခြင်း ဖြစ်ပြီး နယ်စပ်ကင်းလှည့်နေသည့် ထိုင်းစစ်တပ်က အထုပ်အပိုးများ သယ်လာသည့် လူ (၅)ဦးခန့်ပါမည်ဟု ယူဆရသည့်အဖွဲ့အား နယ်စပ်တောလမ်းတွင် တွေ့သဖြင့် စစ်ဆေးရန် တားမြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်   နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အဖွဲ့ဝင် (၁)ဦး သေဆုံးသည်ကို တွေ့ရပြီး အနီးတွင် သေနတ်တစ်လက်နှင့် အထုပ် (၂)ထုပ်ကို တွေ့ရကြောင်း သိရသည်။

တွေ့ရှိ သိမ်းဆည်းရမိသည့် အထုတ် (၂)ကို စစ်ဆေးရာတွင်   စိတ်ကြွရူးသွပ်ဆေးပြား (၃)သိန်းကို စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

အလားတူ ယနေ့နံနက်အစောပိုင်းမှာပင် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ကနေ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းပူးပေါင်း ကင်းလှည့်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းပူးပေါင်းအဖွဲ့က  အိုက်စ်(ice)မူးယစ်ဆေး ( Methamphetamine - မက်သာဖက်တမင်း ) ကီလို (၃၀၀)ကျော် သိမ်းဆည်းရမိကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် သိမ်းဆည်းရမိသည့် ဆာလာအိတ် (၉)လုံးအတွင်းမှ အလေးချိန် စုစုပေါင်း (၃၂၃)ကီလိုဂရမ်ရှိသည့်  အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းမိသည့်အပြင် သံသယရှိသူတစ်ဦးကိုလည်း ထိုင်းတာဝန်ရှိသူများက ဖမ်းမိခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ မူးယစ်ဆေးတင်သွင်းမှုများအား ထိုင်းအစိုးရအနေဖြင့် ပိတ်ဆို့တားဆီးမှုများ လုပ်နေသည့်ကြားမှ ပိုများလာနေပြီး မြန်မာနိုင်ငံတွင်း စစ်ပွဲများကာလအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်တင်သွင်းမှု ပိုများလာသည်ဟု ထိုင်းရဲမှူးကြီးတစ်ဦးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  မူးယစ်ဆေးထုတ်လုပ်မှု ပိုမိုတိုးလာပြီး ရှမ်းပြည်နယ်သည် မူးယစ်ဆေးထုတ်လုပ်ရာ ဗဟိုချက်ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သတိပေးထားကြခြင်းဖြစ်သည်။