စဉ့်ကူးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီထပ်မံဗုံးကြဲ အရပ်သား ၃ ဦးသေဆုံး

စဉ့်ကူးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီထပ်မံဗုံးကြဲ အရပ်သား ၃ ဦးသေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီလေတပ်က ၂၀၂၅ခုနှစ် မတ်လ (၁၇)ရက်နေ့ ညနေ(၆)နာရီတွင် ထပ်မံဗုံးကြဲတိုက်ခိုက်၍ အရပ်သား အမျိုးသမီး(၃)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရသည်ဟု မန္တလေး PDF ထံမှ သိရသည်။

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၁၄)ရက်နေ့ကလည်း စစ်ကောင်စီလေတပ်သည် စဉ့်ကူးမြိုနယ် လက်ပံလှကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၃၁)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့သည်။ 

လက်ရှိတွင် စဉ့်ကူးမြိုနယ်ကို တော်လှန်ရေးတပ်များက ထိမ်းချုပ်ထားကာ နှစ်ဖက် တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်။

မန္တလေး PDF ၏ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီသည် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ (၄)ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား(၆)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

#TachileikNewsAgency

Photo:မန္တလေး PDF