မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်စုအတွင်း ကျင်းရွာသို့ အာဏာသိမ်းအဖွဲ့က ဝင်ရောက်ကာ သေနတ်များဖြင့် ပစ်ခတ်ပြီး မွှေနှောက်ရှာဖွေရာ အတွင်းခံဘောင်းဘီက အစ ခိုးဝှက်ယူဆောင်သွားကြောင်း သိရသည်။
"မနေ့ညက ကျင်းရွာမှာ ည(၁၂)နာရီကျော်က စစ်ကား(၁၀)စီးလောက်နဲ့ ဝင်ပြီး အိမ်(၇)အိမ်က ပစ္စည်းတွေကို ယူသွားတယ်။ အတွင်းခံဘောင်းဘီတောင် မချန်ဘူး။ သေနတ်နဲ့ အချက် (၅၀)လောက်လည်း ပစ်တယ်။ ရွာသူ ရွာသားတွေ တိမ်းရှောင်နေရတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြောသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ရှာဖွေဖမ်းဆီးအကြမ်းဖက်မှုတွင် ဗိုလ်မှူးတေဇာဖြိုးဦးစီးသည့်အဖွဲ့က ပြုလုပ်နေပြီး အောက်တိုဘာလ(၂၉)ရက်နေ့ ညပိုင်း အကြမ်းဖက်မှုတွင်လည်း ၎င်းဦးဆောင်သည်ဟု ဒေသခံများထံက သိရသည်။
အာဏာသိမ်းစစ်တပ်သည် ကျေးရွာများတွင် PDF သံသယဟုဆိုကာ နေအိမ်များအတွင်း ရှာဖွေခြင်း၊ မီးရှို့ခြင်းများအပြင် အသုံးအဆောင်ပစ္စည်းများကို ခိုးယူသွားခြင်းများအထိ လုပ်ဆောင်နေသည်ဟု သိရသည်။