တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေရသည့် မြန်မာနိုင်ငံသား(၄၀၀)ကျော် နေရပ်ပြန်ပြီဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေရှိ ပူးလူးတူစခန်းသိမ်းတိုက်ပွဲနှင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရသည့် မြန်မာနိုင်ငံသား (၄၃၇)ဦးသည် ၂၀၂၅ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် နေရပ်ပြန်ကြပြီဟု ဆိုသည်။
စစ်ကောင်စီ၏ တပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ခြင်းကြောင့် ပိုင်ကျုံမြို့နယ်၊ ကလေးဖိုး ကလိုးရွာ၊ ကလေးမိုခီး၊ မယ်ကဲ့ အပါအဝင် ရွာတချို့မှ ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က တိမ်းရှောင်သွားခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးဖြစ်ကာ တိုက်ပွဲများလည်းငြိမ်သွားပြီဖြစ်၍ ထိုင်းအာဏာပိုင်များက သောင်ရင်းမြစ်မှတဆင့် လှေဖြင့်နေရပ်ပြန်ပို့လိုက်သည်ဟု ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူစခန်းကို KNLA တပ်မဟာ(၇)ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက မတ်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ခလရ(၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက်ခြေကုပ်စခန်းအား KNLA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှစတင်ကာ နေ့စဥ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ(၁၄)ရက်နေ့တွင် အပြီးသတ်စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်(၁၂)ဦးသေဆုံးပြီး (၁၁)ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း KNU ဗဟိုက ဆိုသည်။
ပူးလူးတူ စခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ(၇)၊ တပ်ရင်း(၂၂)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်များဘက်က (၆) ဦးသေဆုံး၍ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
#TachileikNewsAgency
Photo:AEC อาเซียน News