ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှု ဒဏ်ကိုခံနေရ 

ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှု ဒဏ်ကိုခံနေရ 

ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှုဒဏ်ကိုခံနေကြရသည်ဟု ဆေးရုံတက်ရောက်နေသူများထံမှ စုံစမ်းသိရှိရသည်။

ဒီမိုကရေစီအစိုးရလက်ထက်က အစိုးရဆေးရုံများတွင် ခွဲစိတ်မှုများမှလွဲ၍ ကျန်ရှိသည့် ဆေးဝါးကုသမှုများကို အခမဲ့လုပ်ဆောင်ပေးခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အစိုးရဆေးရုံများတွင် မည်သည့်ဆေးဝါးကုသမှုမျိုးကိုမဆို ငွေပေးနေရသည်ဟု ဆိုသည်။

“သမီးတစ်ယောက် အူယောင်ငမ်းဖျားဖြစ်လို့ ဆေးရုံတင်ရတာ (၄)ရက်တည်းနဲ့ ဆေးဖိုးအားလုံးပေါင်း (၅)သိန်းနီးနီး ကုန်သွားတယ်။ အပ်ကအစ အကုန် လူနာရှင်ဘက်က ဝယ်ပေးရတယ်။ ဘာတစ်ခုမှ သူတို့ဆီက အလကားမရဘူး။ ပိုက်ဆံမရှိတော့ အကြွေးတင်သွားတာပေါ့။”ဟု စံပြဆေးရုံတင် ကုသမှုခံယူခဲ့သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင်လည်း ဆေးကုသမှုစရိတ် အခမဲ့အစီအစဉ်များမရှိတော့ဘဲ ငွေထုတ်ပိုက်၍ ဆေးလာကုနေရပြီဟုလည်း ဆေးရုံတက်နေသူများက ဆိုသည်။

“အပြင်ဆေးရုံမှာ ပိုက်ဆံကုန်တယ်ပြောနေတယ်။ အစိုးရဆေးရုံလည်း ပိုက်ဆံကုန်နေတာပဲ။ ဆေးရုံသာတက်ရတာ ဆေးရုံမှာဘာမှမရှိဘူး။ ဆေးရုံတက်ရတဲ့သူတွေက အကုန်လုံးဆေးကအစ အပြင်ကဝယ်နေရတယ်။ ဝန်ထမ်းတွေဆိုရင်လည်း ပိုက်ဆံပေးမှ လုပ်ချင်တယ်။”ဟု ဗဟိုအမျိုးသမီးဆေးရုံသို့ တက်ရောက်ကုသခဲ့ရသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဗဟိုအမျိုးသမီးဆေးရုံ၌ (၁၅)ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ရာ သွေးစစ်ဆေးခြင်းကအစ အပြင်ဓာတ်ခွဲခန်းများထံ အပ်နှံကြရကာ ခွဲစိတ်ကုသမှုမပါဘဲ ငွေကျပ်သိန်း (၄၀)နီးပါး ကုန်ကျသည်ဟု ဆိုသည်။

“ပါရာစီတမော့လို ဆေးမျိုးလောက်တော့ သူတို့ပေးတယ်။ တခြားအားဆေးတို့ ထိုးဆေးတို့ကို အပြင်မှာပဲ ဝယ်ခိုင်းတယ်။ ဆေးရုံမှာ ဘာမှမရှိတော့ဘူး။ ဆရာဝန်တွေကလည်း အလုံလောက်မရှိဘူး။ မနက်ပိုင်းတစ်ချိန်လောက်ပဲ ဆရာဝန်က လာကြည့်တယ်။ ကျန်တဲ့အချိန်တွေဆိုမရှိတော့ဘူး။”ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် ခွဲခန်းအထိ လူနာကုတင်ကိုတွန်းပေးသူများအား တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)မှ (၁၀၀၀၀)အထိ (၅)ဦးစာပေးနေရပြီး ခွဲခန်းဝတ်စုံဝတ်ပေးသူများကိုလည်း ယင်းသို့ထပ်ပေးရကာ မည်သည့်အကြောင်းကိစ္စကြောင့်ဖြစ်စေ စုံစမ်းခြင်း၊ ကုသခြင်းခံယူပါက ဆေးရုံကလည်း အလှူငွေကောက်ခံသည်ဟု ဆိုသည်။

"ပိုက်ဆံမရှိတဲ့သူတွေကတော့ သေပေါ့။ ဆေးရုံမှာ ဆေးရုံဆိုတာပဲ ကျန်တယ်။ ဘာမှမရှိတော့ဘူး။ တချို့လူနာတွေဆိုလည်း ငွေကြေး မတတ်နိုင်တော့လို့ ဆေးရုံကဆင်းသွားရတာမျိုးတောင်ရှိတယ်။" ဟု လူနာရှင်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင် အစိုးရဆေးရုံကြီးများက လူနာအား ပိုးသတ်ဆေး၊ ထိုးဆေး၊ သောက်ဆေးကအစ အခမဲ့ပေးသည့်စနစ်ရှိခဲ့ပြီး လက်ရှိတွင် ဆေးဝါးပြတ်လပ်မှု၊ ဈေးကြီးမှုနှင့် စစ်ကောင်စီဘက်က ဆေးရုံများကို ဘတ်ဂျက်မချပေးနိုင်မှုတို့ကြောင့် ပြည်သူများက ဆေးကုသမှုများကို အကုန်အကျခံနေရသည်ဟု ဆိုသည်။

“ဆေးဖိုး မယူကြဘူး အဲဒီတုန်းက။ ဆေးမရှိရင် ဝယ်ခိုင်းတာ။ ရှိရင် အကုန်ထိုးပေးတယ်လေ။ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါအတွက် ဆေးတွေတော့ ဝယ်တာပေါ့။ တခါတလေ ခွဲခန်းသုံးဖို့ အပ်ဝယ်ပေးရတာရှိတယ်။ အဲဒီလောက်လည်း မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ အပ်က ပေါတယ်လ။ အဲ့တုန်းက ပိုးသတ်ဆေး၊ ထိုးဆေး၊ သောက်ဆေးတွေ ပေါပါတယ်။ အခုက အကုန်ဝယ်ခိုင်းနေတာ။ ဖျားတာနာတာလောက်က ကုန်မှမကုန်တာ။ ပိုးသတ်ဆေး Drip တွေက လောက်တယ်လေ။”ဟု CDM ဆရာဝန်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်များမှ ဆေးတင်ပို့ခြင်း ကန့်သတ်ခံရသဖြင့် ဆေးစရိတ်ကြီးလာခြင်းတို့ကြောင့် ဆေးဝါးဈေးနှုန်းကြီးမြင့်လာပြီး အခြေခံလူတန်းစားများအတွက် အခက်အခဲများဖြစ်နေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Internet (ပုံဟောင်း)