အာဏာသိမ်းခြင်းအကျိုးဆက်ကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်နေချိန် စစ်ကောင်စီက နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်ရန် National QR Standard ဖြစ်သည့် MMQR စနစ်စတင်အသုံးပြုမည်ဟု သိရသည်။
MMQR ဖွင့်ပွဲကိုလည်း ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။
မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီ တိုးတက်လာရန်၊ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင် ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင်ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံး စွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စနစ်သည် နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ QR ကုတ်အမျိုးမျိုးကို ချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုအဆင်ပြေသုံးစွဲနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
MMQR အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း စသည့် စီးပွားရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ကို တွေ့ရသည်။
ထို့အပြင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကိုလည်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်ကို တွေ့ရသော်လည်း အွန်လိုင်းလိမ်လည်မှုများ မဖြစ်စေရန် စောင့်ကြည့်ကြီးကြပ်ရန်လိုသည်ဟုလည်း ဆိုသည်။
ထွက်ပေါ်လာသည့် သတင်းများအရ လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ်(၁၀)သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း(၅၀)၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ်ဆောင်ရွက်မှု ပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း(၁၀၀) ထုတ်ယူ၊ လွှဲပြောင်းနိုင်သည်ဟု သိရသည်။
မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း(၁၀၀)အထိသာထားရန်နှင့် ကျပ်သိန်း (၁၀၀)ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်၊ ကျပ်သိန်း(၁၀၀)အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေးချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ပါဝင်သည်။
ကျပ်သိန်း(၁၀၀)နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန်၊ ဘဏ် နှင့် ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Function ကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်အချက်လည်း ပါဝင်သည်။
စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း(လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်နှင့် Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ကို သတ်မှတ်ထားသည်ဟု သိရသည်။
#TachileikNewsAgency