မဲဆောက်မြို့အထွက်တွင် ကားအတွင်း ပြောင်းစေ့များအောက် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ(၈)ဦး ဖမ်းခံရ

မဲဆောက်မြို့အထွက်တွင် ကားအတွင်း ပြောင်းစေ့များအောက် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ(၈)ဦး ဖမ်းခံရ

 ထိုင်း - မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ မဲဆောက်မြို့အထွက်တွင် ပြောင်းစေ့များသယ်ဆောင်လာသည့် ကား၏ ပြောင်းစေ့များအောက် ပုန်းအောင် လိုက်ပါလာသည့်  မြန်မာနိုင်ငံသား (၈)ဦး ဖမ်းခံရကြောင်း သိရသည်။

 

 ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့အကူး နံနက်(၁)နာရီ ဝန်းကျင်အချိန်က မဲဆောက်မြို့အထွက်ရှိ ဟွေ့ဟင်ဖွန်  ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးအား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာ ကားပေါ်တွင် ပြောင်းစေ့များ တင်ဆောင်လာပြီး ပြောင်းစေ့များ အောက်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား (၈)ဦးကို တွေ့ရှိ၍ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ မြန်မာ(၈)ဦးမှာ အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၂)ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း စမွတ်ပရာကန်ပြည်နယ်သို့ သွားရောက်ကာ အလုပ် လုပ်ကိုင်မည့်သူများဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဖမ်းဆီးပြီး မဲဆောက်မြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုင်းအစိုးရက မြန်မာ - ထိုင်းနယ်စပ်တလျှောက် အဓိက အားဖြင့် မဲဆောက်ခရိုင်အတွင်း  ကျားဖြန့် လုပ်ငန်းကိုဦးတည်ပြီး လူမှောင်ခိုတားဆီးသည့် စီမံချက်ကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေသည့် ယခုကာလအတွင်း၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

 

Photo: วันนี้ที่แม่สอด อ.แม่สอด