ငွေအလိမ်ခံရ၍ စိတ်ဓါတ်ကျနေသည့် ထိုင်းအမျိုးသားတစ်ဦးက စိတ်ဖိစီးမှု သက်သာစေရန်အတွက်ကို ဆေးရုံကို မီးရှို့  

ငွေအလိမ်ခံရ၍ စိတ်ဓါတ်ကျနေသည့် ထိုင်းအမျိုးသားတစ်ဦးက စိတ်ဖိစီးမှု သက်သာစေရန်အတွက်ကို ဆေးရုံကို မီးရှို့  
ဖေဖော်ဝါရီ 3, 2025 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံ ဥဘွန်ရချာသနီမြို့တွင် ငွေကြေးလိမ်ခံရမှုကြောင့် စိတ်ဓါတ်ကျနေသည့် အသက်(၄၀)ဝန်းကျင်ရှိ ထိုင်းအမျိုးသားတစ်ဦးက  စိတ်ဖိစီးမှု သက်သာစေရန်အတွက် ဆေးရုံကို ဓါတ်ဆီလောင်းပြီး မီးရှို့မှုကြောင့် ထိုင်းဘတ်ငွေ သန်း(၁၀၀)ကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 အသက် (၄၀) နှစ်အရွယ် ဖိဘွန် ရချာ့ထန်မကွန်သည်  ဥဘွန်ရချာသနီမြို့ရှိ အထပ် (၃) ထပ်ပါ Det Udom Royal Crown Prince ဆေးရုံ၏ တတိယထပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုကြောင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများကို ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း အလွယ်တကူ ပြောင်းရွှေ့မရသည့် ထိုင်းဘတ်ငွေ သန်း(၁၀၀)ကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများမှာ မီးလောင်ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 ဘန့်ဒိတ်ရဲစခန်းသို့ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ အမျိုးသားသည် ဓါတ်ဆီကို ကြောပိုးအိတ်ထဲတွင် ထည့်၍သယ်ဆောင်လာပြီး   ဆေးရုံကုတင် အလွတ်တလုံးပေါ်ကို စတင်မီးရှို့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆေးရုံဝန်ထမ်းများက မီးငြှိမ်းသတ်ရန် အလျင်အမြန် သွားရောက်ခဲ့ကြသော်လည်း မီးရှို့သူ အမျိုးသားက သေနတ်ပစ်ဖောက်ပြီး ၎င်းတို့ကို ဟန့်တားခဲ့သည်။ 

ထို့နောက် မီးရှို့သူ အမျိုးသားက ငှားလာသည့် အနက်ရောင် sedan ကားတစ်စီးဖြင့် ဆေးရုံကနေ ထွက်ပြေးသွားရာ ဆေးရုံအနီးရှိ မော်တော်ဆိုင်ကယ် (၂) စီးကိုလည်း ဝင်တိုက်မိ၍ လူ(၃)ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ကားဖြင့် မောင်းပြေးသော်လည်း လမ်းအခြေအနေအရ ကားကို ထားပြီး လမ်းဘေး တောအုပ်တစ်ခုအတွင်း ပြေးဝင်သွားခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့က ၎င်းအား မီးရှို့ရသည့် အကြောင်းအရင်းကို စစ်ဆေး မေးမြန်းရာ ၎င်းသည် ဘန်ကောက်မြို့ရှိ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဆောင်အိတ် သယ်ယူသူအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး လွန်ခဲ့သည့်  (၆) နှစ်က အိမ်ခြံမြေရောင်းဝယ်မှု၌ အလိမ်ခံ၍ ဘတ် (၃) သန်း ဆုံးရှုံးခဲ့ရကြောင်း နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ဘန်ကောက်မြို့ကနေ ဥဘွန်ရချာသနီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

ငွေလိမ်ခံရ၍ နှစ်နဲ့ချီ စိတ်ဓါတ်ကျနေမှုကြောင့်    မည်သူ့ကိုမျှ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ စိတ်ဖိစီးမှု သက်သာစေရန် ကြုံရာနေရာတွင် ယခုလို ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းအနေဖြင့် ဆေးရုံနှင့်လည်း ပတ်သက်မှုမရှိကြောင်းလည်း ထွက်ဆိုကြောင်း သိရသည်။ 

 

ရဲတပ်ဖွဲ့က ၎င်းထံတွင် စိတ်ကျန်းမာရေးပြဿနာ မှတ်တမ်းမရှိကြောင်းနှင့် ရဲအရာရှိများနှင့် ရှင်းရှင်းလင်းလင်း ဆက်သွယ်ပြောဆိုနိုင်ကြောင်း အတည်ပြုခဲ့သည်။

ယခုလို ဆေးရုံကို မီးရှို့မှုကြောင့် ၎င်းအား သေဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် (၁၅) နှစ်မှ (၂၀) နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်သော လူသတ်ရန် ကြံစည်မှု၊ သေဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် (၅) နှစ်မှ (၂၀) နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်သော ပြည်သူပိုင်ပစ္စည်း မီးရှို့မှု၊ (၁၀) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ဘတ် (၂၀,၀၀၀) အထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သော လက်နက်အက်ဥပဒေတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Sourec: TheThaiger

Photo: Manun Montianard, อีซ้อขยี้ข่าว : อีซ้อ, Ubon Connect