မြန်မာငလျင်ဘေး ကူညီရေး ဂျပန် JICA အဖွဲ့ ရောက်ရှိ

မြန်မာငလျင်ဘေး ကူညီရေး ဂျပန် JICA အဖွဲ့ ရောက်ရှိ

 မြန်မာငလျင်ဘေး ကယ်ဆယ်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ရောက်ရှိလာသည့်အဖွဲ့တွင် သက်ဆိုင်ရာ JICA ဝန်ထမ်းနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များအပါအဝင် အဖွဲ့ဝင် (၅) ဦး ပါဝင်ပြီး လက်ရှိ မြေပြင်အခြေအနေလိုအပ်ချက်များနှင့် လုံခြုံရေးအခြေအနေများကို ကြည့်ရှုသုံးသပ်ပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (JDR) ကို စေလွှတ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကို ကူညီဆောင်ရွက်ရေးအတွက် အဆိုပါပညာရှင်အဖွဲ့ကို ကနဦးစေလွှတ်ရန် ဂျပန်အစိုးရက မတ်လ (၃၀)ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဂျပန်အစိုးရသည် လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအရ လည်းကောင်း ငလျင် ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ထောက်ပံ့ရေးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“မြန်မာပြည်သူပြည်သားများအားလုံးသို့  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝှမ်း ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရသည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူပြည်သားအားလုံးနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအားလုံး အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်းနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ‌ဒေသများသည်လည်း ဆောလျင်စွာပြန်လည် ထူထောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။  ကျွန်တော်တို့သည် ဂျပန်နိုင်ငံ၏ မိတ်ဆွေကောင်းဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်သူပြည်သားများနှင့်အတူ ဆက်လက်ရပ်တည် သွားပါမည်။”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Takeshi IWAYA က မတ်လ ၂၈ ရက်နေ့တွင် မြန်မာပြည်သူပြည်သားများထံဝမ်းနည်းကြောင်း သတင်းစကားပေးပို့ခဲ့သည်။

ဂျပန်နိုင်ငံက မြန်မာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခြေခံလိုအပ်သော ပစ္စည်းများအပါအဝင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို JICA မှတစ်ဆင့် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 ငလျင်ဒဏ်ခံရသည့် မတ်လ (၂၈)ရက်နေ့မှာပင် မြန်မာစစ်ကောင်စီက ငလျင်ဘေးသင့်ဒေသအားလုံးကို အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတကာက ကူညီကြရန် အကူအညီတောင်းခံခဲ့ပြီး နိုင်ငံအချို့က စစ်ကောင်စီ ထံဦးတည်ကာ ဝမ်းနည်းကြောင်း သဝဏ်လွှာများ၊ သတင်းစကားများ ပေးပို့ခဲ့ကြသော်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူပြည်သားများထံ ဦးတည်ကာ ဝမ်းနည်းကြောင်း သတင်းစကားပါးလာခဲ့ခြင်းဖြစ်သည်။