ထိုင်းနိုင်ငံတွင် အစိုးရက သက်ကြီးရွယ်အို (၃) သန်းကို ထောက်ပံ့ကြေးပေးအပ်မှု အစီအစဥ်အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တစ်ဦးလျှင် ဘတ် (၁၀,၀၀၀) စီ ပေးအပ်ခဲ့သည်။
ထောက်ပံ့ကြေးအစီအစဥ် နောက်ဆက်တွဲ အဆင့်များ၏ ငွေပေးအပ်မှုများ နောက်ပိုင်းတွင် ရှိလာမည်ဟု ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက ဆိုသည်။
ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်သော အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေးအပ်မှု ဒုတိယအဆင့် စတင်မှု အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ယခု ထောက်ပံ့ကြေးအစီအစဥ်အရ အကျုံးဝင်သော သက်ကြီးရွယ်အိုများ၏ အကောင့်များထဲ့သို့ အခမ်းအနားအပြီး နံနက်ပိုင်းတွင် စတင် ငွေလွှဲပြောင်းပေးအပ်ခဲ့သည်။
" ဒီငွေပမာဏက လူတွေရဲ့ ဒုက္ခတွေကို သက်သာရာရစေပြီး လူအများအပြားရဲ့ ဘဝကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။ ဒီနေ့က ကောင်းမွန်တဲ့နေ့တစ်နေ့ပါပဲ။ လက်ခံရရှိသူတွေ အနေနဲ့ ထောက်ပံ့ငွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အများဆုံး အသုံးပြုစေလိုပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးမှု နောက်အဆင့်ကို စီစဥ်သွားပါလိမ့်မယ်" ဟု ဝန်ကြီးချုပ် ပေထုန်တန်က ပြောသည်။
ထိုင်းအစိုးရ၏ ထောက်ပံ့ကြေးအစီအစဥ်ကို လက်ခံရယူမည့်သူများ အနေဖြင့် Tang Rath အက်ပလီကေးရှင်းကို အသုံးပြုကာ မှတ်ပုံတင်ရမည်ဖြစ်ပြီး PromptPay ၎င်းတို့၏ မှတ်ပုံတင်နံပါတ်နှင့် ချိတ်ဆက်အတည်ပြုထားရမည်ဟု ဆိုသည်။
အစိုးရထောက်ပံ့ကြေး ရရှိရန် အကျုံးဝင်သူများမှာ နှစ်စဉ် ဝင်ငွေ ဘတ် (၈၄၀,၀၀၀) အောက်ဖြစ်ရမည်ဖြစ်ပြီး ဘဏ်အားလုံးတွင် အပ်ငွေပမာဏ ဘတ် (၅၀၀,၀၀၀) ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထိုင်းအစိုးရ၏ ထောက်ပံ့ကြေးပေးအပ်မှု အစီအစဥ်မှာ စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ကြောင်း ဝန်ကြီးချုပ် ပေထုန်တန်က ပြောသည်။
ထိုင်းအစိုးရက ပထမအဆင့် ထောက်ပံ့ကြေးပေးအပ်မှု အစီအစဥ်အရ အစိုးရ လူမှုူဖူလုံရေးကတ် ကိုင်ဆောင်ထားသူ (၁၄.၄၅) သန်းနှင့် မသန်စွမ်းသူများကို ၂၀၂၄ ခုနှစ်တွင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။