မြန်မာနိုင်ငံတ၀န်း ပဋိပက္ခများကြောင့် ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း (၁၅)သန်းခန့် အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံတ၀န်း ပဋိပက္ခများကြောင့် ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း (၁၅)သန်းခန့် အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတ၀န်း ပဋိပက္ခများကြောင့် လူပေါင်း (၁၅)သန်းခန့် အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP ) က   ဇန်နဝါရီလ ( ၂၉ ) ရက်နေ့တွင် ထုတ်ပြန် သတိပေးသည်။

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်သည် စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေပြီး ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် ပြည်သူ (၁၃.၃)သန်း အငတ်ဘေးကြုံတွေ့ခဲ့ရကာ ယခု ၂၀၂၅ ခုနှစ်တွင် အခြေအနေပိုမိုဆိုးရွားလာနိုင်ပြီး နိုင်ငံအနှံ လူဦးရေ ( ၁၅ ) သန်းနီးပါး အငတ်ဘေး အန္တရာယ် ကြုံတွေ့နိုင်ကြောင်း WFP က သတိပေးသည်။

အထူးသဖြင့် ချင်း ၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ဒေသခံများသည် နိုင်ငံအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု အမြင့်ဆုံး အခြေအနေနှင့် ကြုံတွေ့နေရပြီး ၊ မြန်မာနိုင်ငံ လူသားချင်း စာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေး အစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ( ၂၀ ) နီးပါးဖြစ်သည့် ( ၃ ) ဦးတွင် ( ၁ ) ဦးလူသားချင်းစာနာမှု အကူအညီ လိုအပ်မည်ဟု ဆိုသည်။

“နိုင်ငံတစ်ဝှမ်း ပဋိပက္ခကြီးထွားလာခြင်း၊ ဝင်ရောက်ခွင့် ကန့်သတ်ချက်များ၊ ပြိုပျက်နေသော စီးပွားရေးနှင့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများသည် စံချိန်တင်ငတ်မွတ်မှုအဆင့်ကို မောင်းနှင်နေသည်” ဟု WFP ၏ ကိုယ်စားလှယ်နှင့် နိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael Dunford က ပြောသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း (၃.၅ )သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၊ ၎င်း အရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် (၄.၅) သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း WFP က ဆိုသည်။

စားနပ်ရိက္ခာသည် အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် အကြီးမားဆုံး လိုအပ်ချက်ဖြစ်သော်လည်း ကုန်ကျစရိတ်များပြားခြင်းနှင့် လျင်မြန်သော ငွေကြေးဖောင်းပွမှုကြောင့် လူများစွာအတွက် တတ်နိုင်ခြင်း မရှိဘဲ ၊ ဆန်၊ ပဲ၊ ဆီနှင့် ဆား အပါအဝင် အခြေခံစားသောက်ကုန်များ၏ ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ်တွင် ( ၃၀ ) ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

 “ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဈေးနှုန်းတွေက လစဉ်လတိုင်း မြင့်တက်နေပါတယ်။  အချို့သော အစားအစာများကို ဒေသတွင်း ဈေးတွေထဲမှာ ၀ယ်လို့ရပေမယ့် ၊ လူတွေက ၀ယ်စားဖို့တောင် မတတ်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်လာတယ် ။ ထမင်းလျှော့စားပြီး ဗိုက်ဆာနေရတဲ့ အခြေအနေ ဖြစ်လာနေတယ်” ဟု Dunford က ပြောသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ လျင်မြန်စွာ တိုးမြင့်လာမှုသည် နိုင်ငံတကာ၌ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကမ္ဘာ့အကျပ်အတည်းများ၏ လွှမ်းမိုးခြင်းခံရပြီး လူအများ၏ အာရုံစိုက်ခြင်း မခံရကြောင်း WFP က ဆိုသည်။ 

 “ ကမ္ဘာကြီးက အရှိန်အဟုန်မြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို မကြည့်နိုင်ဘူး ။ ချက်ခြင်း နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ တိုးမြင့်လာမှုမရှိရင် ထောင်နဲ့ချီတဲ့ လူတွေ အခက်ခဲဆုံး အခြေအနေကို တွန်းပို့ခံရလိမ့်မယ်” ဟု Dunford က ပြောသည်။ 

2025 ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အစားအစာ၊ အာဟာရနှင့် ပြန်လည်တည်ဆောက်ရေး ပံ့ပိုးကူညီမှုအနေဖြင့် အနည်းဆုံး လူ ၁.၆ သန်းသို့ ရောက်ရှိရန် ရည်မှန်းထားပြီး ပဋိပက္ခတွင် ပါဝင်သူအားလုံးနှင့် ပူးပေါင်းကာ ပြည်သူများအားအကူအညီများ ထိရောက်စွာ ဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP ) က အသိပေးထားသည်။