အားကောင်းသော မုန်တိုင်းငယ်သည် နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး တိုင်းနှင့်ပြည်နယ် ( ၆ ) ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်

အားကောင်းသော မုန်တိုင်းငယ်သည် နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး တိုင်းနှင့်ပြည်နယ် ( ၆ ) ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်

 အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပြီး နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ကာ တိုင်းနှင့်ပြည်နယ် ( ၆ ) ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။



ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နေ့လည် ( ၁၂ ) နာရီခွဲအချိန်အထိ တိုင်းထွာချက်များအရ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် (၄၈)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက် ဖြတ်ကျော်နိုင်ကာ၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားနိုင်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက် (၂၄)  နာရီအတွင်း နေပြည်တော် ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံအပြား မိုးရွာသွန်းနိုင်ပြီး ၊ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ကြရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။

#TachileikNewsAgency