မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် မြောင်နယ်အစပ်တွင် နေအိမ်များအားမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သား တစ်ဦး ထွက်ပြေးလာစဉ် ဖမ်းဆီးရမိသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ရေစကြိုမြို့နယ်နှင့် မြောင်နယ်အစပ် မြေစွန်းကျေးရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ် အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ တပ်သား ကျော်ထွေး ကို ရေစကြိုမြို့နယ် နှင့် မြောင်နယ်အစပ် သောင်ခုံပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
“သူကတိုက်ပွဲဖြစ်ပြီး လူစုကွဲသွားတာဗျ။ ရေစကြိုမြို့နယ် မြေစွန်းကျေးရွာကိုတစ်ရွာလုံးရှို့နေတာဗျ။ အခုထိရှိ နေသေးတုန်းပဲ။ သူ့ရဲ့ပြောကြားချက်အရ ထွက်ပြေးရင်း ဖမ်းမိတာဗျ။ ချိတ်ဆက်မှုမရှိဘဲ။”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဖမ်းဆီးရမိသော တပ်သားကျော်ထွေးမှာ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် စစ်ကောင်စီတပ်၏ အတင်းအဓ္ဓမ တပ်သားသစ် စုဆောင်းခံရသူတစ်ဦးဖြစ်သည်ဟု သိရသည်။
၎င်းနှင့်အတူ MA-1 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ၅.၅၆ ကျည် (၃၀၀)တောင့် ဝန်းကျင်ကို သိမ်းဆည်းရမိပြီး လက်ရှိတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၈)နေ့တွင်လည်း ရေစကြိုမြို့နယ် ခလရ(၂၅၈)တပ်ရင်းမှ တပ်သား မင်းမင်းထက်၊ တပ်သား စောအိုင်းဇက်၊ တပ်သား ထက်ကိုနိုင်၊ တပ်သား ရဲဇော်တို့သည် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ဆက်သွယ်ကာ ဗုံးသီးများ၊ ကျည်များအပ်နှံ၍ ခိုလှုံလာသည်ဟု သိရသည်။
အဆိုပါ တပ်သား(၄)ဦးမှာ စစ်ကိုင်းတံတားပေါ်နှင့် အခြားသောနေရာများတွင် ခရီးသွားလာရင်း ပေါ်တာဆွဲခံခဲ့ရသူများဖြစ်ကြ၍ ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်ကာ ပြန်လည်အပ်နှံပေးခဲ့သည်ဟု သိရသည်။
မတ်လ(၁)ရက်နေ့တွင်လည်း ရေစကြိုမြို့နယ် ခလရ(၂၅၆)တပ်ရင်းမှ တပ်သားကျော်ဇေယျာဝင်း၊ တပ်သား ဖိုးကုလားတို့သည် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်ဆက်သွယ်ကာ ဗုံးသီးနှင့် ခဲယမ်းများအပ်နှံ၍ ခိုလှုံလာသည်ဟု သိရသည်။
#TachileikNewsAgency
Photo:ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပ .က.ဖ