ဝမ်းတွင်းမြို့တွင် ဒလန်အကြီးအစားအဖြစ် တစ်ရွာလုံးက သတ်မှတ်ထားသည့် မျိုးညွှန့်ဆိုသူကို WTRF က သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်း

ဝမ်းတွင်းမြို့တွင် ဒလန်အကြီးအစားအဖြစ် တစ်ရွာလုံးက သတ်မှတ်ထားသည့် မျိုးညွှန့်ဆိုသူကို WTRF က သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်း
ဇန်နဝါရီ 18, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးကျေးရွာမှ ဒလန်အကြီးအစားအဖြစ် တစ်ရွာလုံးက သတ်မှတ်ထားသည့် မျိုးညွှန့်ဆိုသူအား ဒေသကာကွယ်ရေးအဖွဲ့က သေနတ်ဖြင့် ပစ်ကာ ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ မွန်းလွဲပိုင်းအချိန်က Wundwin Township Revolution Force ( WTRF ) - ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒလန်အကြီး အစားအဖြစ် တစ်ရွာလုံးက သတ်မှတ်ထားသည့် မျိုးညွှန့်ဆိုသူသည် အကြမ်းဖက် စစ်ကောင်စီတပ်များ ကျေးရွာသို့ လာရောက်နိုင်ရန် ခေါ်ဆောင်ခြင်း၊ ရောက်လာသည့်အခါမှာလည်း ရိက္ခာများ ပံ့ပိုးပေးခြင်းများ ပြုလုပ်သည့်အတွက် ကျေးရွာနေ ဒေသခံများမှ ရိုက်နှက်စစ်ဆေး ညှင်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ထွက်ပြေး တိမ်းရှောက်ခဲ့ကြရပြီး ၎င်းသည် ၎င်းနှင့်မတည့်သူများထဲက မတိမ်းရှောင်နိုင်သူများကို ၅၀၅-က ဖြင့် အမှုဖွင့်နိုင်ရန် ကြံဆောင်ခြင်း တရာလိုသက်သေအဖြစ် လုပ်ဆောင်ခြင်းအပြင် ပျူစောထီးသင်တန်းပို့ချနိုင်ရန်အတွက်ပါ ပံ့ပိုးသည့်အတွက် ၎င်းအား ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း WTRF အသိပေးထားသည်။

ယမန်နေ့ ဇန်နဝါရီလ(၁၇)ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု ကျောက်အိုးကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု ကျော်ကြားနေသည့် ဇော်ဇော် ဆိုသူကိုလည်း WTRF က ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်းပေး ဒလန်ဟု ကျော်ကြားနေသည့် ဇော်ဇော် သည်  တောင်ယာလုပ်ကိုင်နေသော လူငယ်များကိုလည်း PDF ဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းသည့် အပြင် PDF များ ဖမ်းဆီးရမိပါက ဆုငွေ ကျပ်(၃)သိန်းပေးမည်ဟု ပြောဆို စည်းရုံးမှုများ ရှိသည့်အတွက် WTRF လုပ်သင့်သည်ကို လုပ်ဆောင် လိုက်သည်ဟု သတင်းထုတ်ပြန်ထားရှိသည်။