ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်အကျဉ်းထောင် Bangkok Remand Prison ၏ ထောင်အရာရှိများက တရုတ်အကျဉ်းသားများထံမှ လာဘ်ငွေရယူပြီး ၎င်းတို့အား အခွင့်ထူးများ ပေးထားခဲ့ကြောင်း ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက စွပ်စွဲပြောဆိုလိုက်သည်။
တက်ကြွလှုပ်ရှားသူ Ekkachai Hongkangwan က ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကြား ဘန်ကောက်အကျဥ်းထောင်တွင်း ၎င်း၏ ထောင်တွင်း အတွေ့အကြုံများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် Facebook ၌ မျှဝေထားသည်။
၎င်း၏ Facebook ပို့စ်က ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) သံသယရှိသူ တရုတ်နိုင်ငံသားများမှာ အကျဥ်းထောင်တွင်း သက်သောင့်သက်သာ နေထိုင်ကြရပြီး အကျဥ်းထောင်စနစ်အတွင်း အဂတိလိုက်စားမှု ရှိနေကြောင်းကို ထောက်ပြထားသည်။
တရုတ်အကျဥ်းသားများမှာ အမြဲတစေ အုပ်စုလိုက် ရှိနေကြပြီး အတော်အတန် ဩဇာရှိကြကြောင်းနှင့် အကျဥ်းထောင် အရာရှိများကို များပြားသော လာဘ်ငွေပေးထားမှုကြောင့် ထောင်ကျနေသော်လည်း သက်သောင့်သက်သာ နေထိုင်ကြရသည်ဟု Ekkachai က ထုတ်ဖော်ပြောထားသည်။
၎င်း၏ အဆိုအရ တရုတ်အကျဥ်းသားများမှာ အလုပ်နှင့် ထောင်တွင်းလှုပ်ရှားမှုများကနေ ကင်းလွတ်ခွင့်ရထားကြကြောင်း သိရသည်။
တရုတ်အကျဥ်းသားများက ထောင်ထဲတွင်ရှိနေစဥ် လတ်ဆတ်သော ဆော်လမွန်ငါးကင်နှင့် ဘတ် (၁၅,၀၀၀) ကျော် တန်ဖိုးရှိသည့် ဆေးပြင်းလိပ်များကို ရရှိနိုင်ခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့က တရုတ်သီချင်းများဖွင့်ရန် ၎င်းတို့၏ ကိုယ်ပိုင် စပီကာစနစ်ပင် ရှိကြကြောင်း Ekkachai ပြောသည်။
ဘန်ကောက်အကျဥ်းထောင်တွင် ထိုင်းအကျဥ်းသား (၃၀) ကျော်ကို (၃၀) စတုရန်းမီတာ ကျယ်ဝန်းသော အကျဥ်းခန်းတစ်ခန်းတွင် ပြွတ်သိပ်ထားရှိသော်လည်း တရုတ်အကျဥ်းသား (၁၁) ဦးမှာ ကျယ်ဝန်းပြီး လူမကျပ်သော သီးသန့် အခန်းများတွင် နေထိုင်ခဲ့ကြကြောင်း သိရသည်။
ထောင်ထဲတွင် အငြင်းပွားမှုတွေ သို့မဟုတ် ခိုက်ရန်ဖြစ်မှုများ ဖြစ်ပွားပါက တရုတ်အကျဉ်းသားများကို အမြဲလို ဦးစားပေးခဲ့ပြီး ထိုင်းအကျဉ်းသားများသာ အပြစ်ပေးခံခဲ့ရကြောင်း Ekkachai က ဆိုသည်။
တရုတ်အကျဉ်းသားများက ၎င်းတို့၏ ငွေကြေးချမ်းသာမှုကို အသုံးချပြီး ထိုင်းအကျဥ်းသားများကို အစေခံများအဖြစ် ငှါးရမ်းခဲ့သည်ဟုလည်း Ekkachai က ပြောသည်။
Ekkachai ၏ နောက်ထပ် ပြောဆိုမှုအရ တရုတ်ရာဇဝတ်သားများသည် တရုတ်နိုင်ငံတွင် အပြစ်ရှိကြောင်း ထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့်အတွက် ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့ခံရမည်ကို အကြောက်ဆုံးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်မူ ထောင်ဒဏ် နှစ်အနည်းငယ် ကျခံပြီးနောက် ၎င်းတို့၏ တရားမဝင်လုပ်ငန်းများကို ပြန်လုပ်နိုင်မည် ဖြစ်သည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Ekkachai ၏ ပို့စ်မှာ လူထုအာရုံစိုက်မှုကို သိသိသာသာ ရရှိခဲ့ပြီး တရုတ်အကျဥ်းသားများကြားတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အခွင့်ထူးခံစားခွင့်များ အမှန်တကယ်ရှိခဲ့သလားဆိုသည်ကို ရှင်းလင်းရန် လူအများအပြားက တောင်းဆိုနေကြကြောင်း သိရသည်။
Source: The Thaiger