အရှေ့တောင်အာရှသို့ လာရောက်ရန် လိမ်လည်လှည့်ဖျားခံရပြီး မြန်မာနိုင်ငံရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ထိန်းသိမ်းခံခဲ့ရသည့် ဟောင်ကောင်အမျိုးသားတစ်ဦး လွတ်မြောက်လာပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် ဟောင်ကောင်သို့ တရုတ်နှစ်သစ်ကူးအမီ ပြန်သွားနိုင်ခဲ့သည်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် အလားတူ ပိတ်မိနေသော အခြား ဟောင်ကောင် အမျိုးသား(၁၀) ဦးကို ကယ်တင်ရန် ဟောင်ကောင်လုံခြုံရေး အရာရှိတစ်ဦး ဘန်ကောက်တွင် ဆက်ရှိနေကြောင်း ထိုင်းအစိုးရက ပြောသည်။
ကျားဖြန့်လုပ်ငန်းကနေ ပြန်လွတ်လာသော အသက် (၂၉) နှစ်အရွယ် ထိုအမျိုးသားကို ဟောင်ကောင်သို့ ပြန်ရောက်ပြီး မကြာမီ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လေဆိပ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းကနေ ဟောင်ကောင်အမျိုးသား ပြန်လည်လွတ်မြောက်လာရန် ကူညီခဲ့သည့် တရုတ်ပြည်မကြီး၊ ထိုင်းနှင့် မြန်မာကို ကျေးဇူးတင်ကြောင်း ဟောင်ကောင် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ပြောသည်။
ဟောင်ကောင်အမျိုးသားမှာ မြန်မာနိုင်ငံ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပြန်လည်လွတ်မြောက်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
လိမ်လည်လှည့်ဖျားခံရကာ အရှေ့တောင်အာရှတွင် အဓမ္မစေခိုင်းခံရသည့် ဟောင်ကောင်မြို့ခံများ၏ မိသားစုများကို ကူညီပေးနေသော ခရိုင်ကောင်စီဝင်ဟောင်း Andy Yu Tak-po က ထိုင်းအစိုးရက မြန်မာနိုင်ငံရှိ အာဏာပိုင်များကို ဖိအားပေးခဲ့ပြီးနောက် အဆိုပါ ဟောင်ကောင်အမျိုးသား ပြန်လွတ်လာခြင်းဖြစ်ကြောင်း ပြောသည်။
မြဝတီမြို့တွင် ကျားဖြန့်လုပ်ငန်းများ အခြေချ လုပ်ကိုင်နေသည့် ရွှေကုက္ကိုလ်ကို ထိန်းချုပ်ထားသည့် နယ်ခြားစောင့်တပ်(BGF)က ဟောင်ကောင်အမျိုးသားကို ရှာဖွေခဲ့ကြကြောင်းလည်း ၎င်းက ဆိုသည်။
လူကုန်ကူး လှုပ်ရှားမှုများကို နှိမ်နင်းရန် ဟောင်ကောင်က ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကာ ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
ထိုနှစ်အတွင်း ဟောင်ကောင်အမျိုးသား (၄၆) ဦး လူကုန်ကူးခံရပြီး အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။
၂၀၂၄ ခုနှစ်တွင် ဟောင်ကောင်အမျိုးသား (၂၈) ဦး အရှေ့တောင်အာရှတွင် ထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့အနက်မှ ထိန်း (၁၇) ဦးမှာ ပြန်လည်လွတ်မြောက်ကာ ဟောင်ကောင်သို့ ပြန်ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။
Source: Bangkok Post