အမေရိကန်မြေပေါ်တွင် မွေးဖွားလာသော ကလေးများ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိသည့် မွေးရာပါနိုင်ငံသားဖြစ်ခွင့် သတ်မှတ်ချက်အား ကန့်သတ်ရန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ၏ လုပ်ဆောင်မှုကို ပြည်ထောင်စု တရားသူကြီးတစ်ဦးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ယာယီ တားမြစ်ပိတ်ပင်လိုက်သည်။
ထိုလုပ်ဆောင်မှုက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြောင်ပြောင်းတင်းတင်း ကွဲလွဲနေကြောင်း တရားသူကြီးက ပြောသည်။
မွေးရာပါနိုင်ငံသားဖြစ်ခွင့် ကန့်သတ်ရန် ထရမ့်အစိုးရ၏ လုပ်ဆောင်မှုကို တားဆီးရန် ဒီမိုကရက်တစ်ပါတီ အားကောင်းသော ဝါရှင်တန်၊ အရီဇိုးနား၊ အီလီနွိုက်စ်နှင့် အော်ရီဂွန် ပြည်နယ်တို့က တင်ပြမှုနှင့်ပတ်သက်၍ ဆီယက်တဲလ်အခြေစိုက် အမေရိကန် ခရိုင်တရားသူကြီး John Coughenour က ယာယီ တားမြစ်မိန့်ထုတ်ခြင်း ဖြစ်သည်။
အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်ရောက်လာသည့် သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့၌ပင် အမေရိကန်မြေပေါ်တွင် မွေးဖွားသော ကလေးများ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ရန် သမ္မတအမိန့်ညွှန်ကြားချက် လက်မှတ်ရေးထိုးခဲ့သည်။
ဒေါ်နယ်ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်က ၎င်းတို့၏ မိခင် သို့မဟုတ် ဖခင်မှာ အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင် အမြဲတမ်းနေထိုင်သူ မဟုတ်ပါက အမေရိကန်တွင် မွေးဖွားလာသော ကလေးများကို နိုင်ငံသားဖြစ်ခွင့် မပြုရန် ညွှန်ကြားထားသည်။
ထိုသမ္မတအမိန့်ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရန် ထရမ့်အစိုးရ၏ လုပ်ဆောင်မှုကို ရီပတ်ဘလစ်ကင် သမ္မတဟောင်း ရော်နယ်ရေဂင် ခန့်အပ်ခဲ့သည့် ပြည်ထောင်စု တရားသူကြီး John Coughenour က (၁၄) ရက်ကြာ ရပ်ဆိုင်းထားရန် တားမြစ်မိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။
တရားသူကြီး၏ ယခု တားမြစ်မိန့်က ထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်းတွင် အကောင်အထည်ဖော်လာသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောထားတင်းမာသော မူဝါဒများအတွက် ပထမဆုံး ဥပဒေကြောင်းအရ အတားအဆီးလည်း ဖြစ်လာသည်။
တရားသူကြီး၏ အမိန့်နှင့်ပတ်သက်၍ အယူခံဝင်သွားမည်ဟု သမ္မတထရမ့်က ပြောခဲ့သည်။
မွေးရာပါနိုင်ငံသားဖြစ်ခွင့် ကန့်သတ်မည့် ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်ကို ဥပဒေကြောင်းအရ စိန်ခေါ်ထားသော တရားစွဲဆိုမှု အနည်းဆုံး (၆) ခု ရှိနေပြီး ၎င်းတို့အနက် အများစုကို လူ့အခွင့်အရေးအုပ်စုများနှင့် ပြည်နယ် (၂၂) ခုမှ ဒီမိုကရက်တစ် ရှေ့နေချုပ်များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၄) ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားသူတိုင်းသည် နိုင်ငံသားဖြစ်သည်ဟု သတ်မှတ်ပြဌာန်းထားကြောင်း သိရသည်။
Source: Reuters