ကျားဖြန့် နှိမ်နင်းရေး အပါအဝင် နယ်စပ်ရေးရာများကိစ္စ စစ်ကောင်စီတပ် နှင့် ထိုင်း စစ်တပ်တို့ တွေ့ဆုံ ဆွေးနွေး

ကျားဖြန့် နှိမ်နင်းရေး အပါအဝင် နယ်စပ်ရေးရာများကိစ္စ စစ်ကောင်စီတပ် နှင့် ထိုင်း စစ်တပ်တို့ တွေ့ဆုံ ဆွေးနွေး

မြန်မာ - ထိုင်းနယ်စပ်ရှိ ကျားဖြန့် လုပ်ငန်းများ နှိမ်နင်းရေးအပါအဝင် နယ်စပ်ရေးရာများကိစ္စအတွက် စစ်ကောင်စီ နှင့် ထိုင်းစစ်တပ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုင်းတော်ဝင်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC)ဌာန တာဝန်ခံ General Direk Bongkarn  နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့တွေ့ဆုံရာတွင် အဓိက အားဖြင့် မြန်မာနိုင်ငံ မြဝတီဘက်တွင် အခြေစိုက်သည့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများကို နှိမ်နင်းရေးကိစ္စ အပါအဝင် နယ်စပ်ရေးရာ ကိစ္စများကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။



နယ်စပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ တရားမဝင် လူကုန်ကူးမှုများ၊ မြန်မာရေပိုင်နက်အတွင်း ဖမ်းမိးထားသည့် ထိုင်းလှေလုပ်သားများအရေး၊ နယ်စပ်ပဋိပက္ခအရေး နှင့် နှစ်ဖက် အပြန်အလှန် သတင်းအချက်အလက် ဖလှယ်ရေးတို့ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။ 



ထိုင်းနိုင်ငံမှတဆင့် စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ ပိုင်နက်တွင်  လူကုန်ကူးခံလိုက်ရသည့် တရုတ် ရုပ်ရှင်သရုပ်ဆောင် အပါအဝင် တရုတ်နိုင်ငံသားအချို့အား ထိုင်းရဲတပ်ဖွဲ့က ၂၀၂၅ခုနှစ် ဇန်နဝါရီလ၏ ပထမပတ်အတွင်းက ကယ်တင်ရမှုများဖြစ်ပွားပြီးနောက် ထိုင်းနှင့်မြန်မာ စစ်တပ်တို့ ယခုလို တွေ့ဆုံဆွေးနွေးများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။