လေတပ်ကို အဓိက အားကိုးအားထား အသုံးပြုပြီး ခရစ်ယာန်ဘုရားကျောင်းများပါ မချန် ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်အတွင်း မြို့ရွာများ ထိခိုက်ပျက်စီးမှုကို KNDF နှင့် PDF ကြောင့်ဟု ပြောဆို စွပ်စွဲလိုက်သည်။
"ကယားပြည်နယ်တွင် မကြာမီကာလက KNDF အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ အပါအဝင် မြို့ရွာများ ထိခိုက် ပျက်စီးခဲ့ရပါသည်။"ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား အတွက် သဝဏ်လွှာတွင် ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံနိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ဖမ်းဆီး သတ်ဖြတ်ခံရမှုကနေ စတင်ပြီး လက်နက်ကိုင် တော်လှန်စစ်ပွဲများ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖုံးကွယ်ပြီး ယခုလို စွပ်စွဲပြောဆိုလာခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ လေတပ်သည် ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့ အပါအဝင် မြို့များနှင့်ကျေးရွာများတွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ အပါအဝင် တောထဲ၊ လှိုဏ်ဂူများအတွင်း တိမ်းရှောင် ထွက်ပြေးနေကြရဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် မတ်လ နှင့် မေလက စတင်ပြီး ကရင်နီ(ကယား)ပြည်နယ်အတွင်း လက်နက်ကြီးများနှင့် ပစ်ခတ်မှု အပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာ ထိခိုက် ပျက်စီးခဲ့ရသလို ဘုရားကျောင်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများလဲ သေဆုံးမှု ရှိခဲ့သည်။
ကုန်းကြောင်းတွင် စစ်ရေးအခြေအနေ မကောင်းသည့် စစ်ကောင်စီတပ်သည် လေကြောင်းကိုသာ အားထားပြီး ဗုံးကြဲတိုက်ခိုက်မှုများကို ကရင်နီ(ကယား)ပြည်နယ်အတွင်း တစ်ခုတည်းသာ မဟုတ်ဘဲ တိုင်းရင်းသားဒေသ အများအပြားကို ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ပြီး ယခုလို တိုက်ပွဲများ ဖြစ်လာရခြင်း အကြောင်းအရင်း အစစ်အမှန်ကို စစ်ကောင်စီက ဖုံးကွယ်ထားပြီး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကြောင့်ဟုသာ ပြောဆိုလေ့ရှိသည်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းအများအပြားတွင် တွေ့ရသည်။