တာချီလိတ်မြို့ရှိ KTV နှင့် ကလပ်များတွင် အလွယ်တကူ ရရှိနိုင်သည့် Happy Water များကို အမျိုးသားနှစ်ဦးထံက ဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ KTV နှင့် ကလပ်များတွင် အလွယ်တကူ ရရှိနိုင်သည့် Happy Water များကို အမျိုးသားနှစ်ဦးထံက ဖမ်းဆီးရမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စိတ်ပြောင်းဆေးဝါး(Happy Water)များကို အမျိုးသား(၂)ဦးထံက ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ခုနှစ် ဇန်ဝါရီလ(၆)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မြို့ပတ်လမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အေးဖေ (ခ)အင်းသားဆိုသူအား စစ်ဆေးရာမှ ၎င်းထံက စိတ်ပြောင်းဆေးဝါး(Happy Water) အပြာနုရောင် အမှုန့် (၁၅၀)ဂရမ်ဝန်းကျင် နှင့် စိတ်ပြောင်းဆေးဝါး(Happy Water) အဝါနုရောင် အမှုန့် (၈၀)ဂရမ်ဝန်းကျင် စုစုပေါင်း (၂၃၀)ဂရမ်ဝန်းကျင်ရှိသည့် စိတ်ပြောင်းဆေးဝါး(Happy Water)များကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ ၎င်းအား စစ်ဆေးမေးမြန်းရာမှ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သည့် ထွန်းထွန်းနိုင်(ခ)အားဖူထံက စိတ်ပြောင်းဆေးဝါး(Happy Water)ကို ရရှိခြင်းဖြစ်ကြောင်း ထွက်ဆိုသည့်အတွက်  ပူးပေါင်းအဖွဲ့က သွားရောက် ရှာဖွေ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ခ)အားဖူ တည်းခိုနေထိုင်သည့် အခန်းအတွင်း ရှာဖွေရာ ၎င်း၏ ကုတင်ဘေးတွင် ကတ်ထူဖာ (၂)ဖာဖြင့် ထည့်ထားသည့် စိတ်ပြောင်းဆေးဝါး(Happy Water)  အပြာနုရောင်အမှုန့် (၁.၃)ကီလို၊   စိတ်ပြောင်းဆေးဝါး(Happy Water) အဝါနုရောင်အမှုန့် (၁၂၀)ဂရမ်ဝန်းကျင် နှင့်  စိတ်ပြောင်းဆေးဝါး(Happy Water) ပန်းနုရောင် အမှုန့် (၃၂၀)ဂရမ်ဝန်းကျင် စုစုပေါင်း  စိတ်ပြောင်းဆေးဝါး(Happy Water) (၁.၇၄)ကီလိုကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ  စိတ်ပြောင်းဆေးဝါး(Happy Water)၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ကတ်ထူဖာ (၂)ဖာထဲက  စိတ်ပြောင်းဆေးဝါး(Happy Water) အပြင်  မက်သ်အဖက်တမင်း (အိုက်စ်) (၁)ကီလို၊  Hello Kitty ပုံသဏ္ဍာန်ဖြင့် ပန်းရောင်  စိတ်ပြောင်းဆေးဝါး (အက်တက်စီ) (၁၈၀)ပြား နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်းလည်း သိရသည်။

စိတ်ပြောင်းဆေးဝါး(Happy Water)များနှင့် ပတ်သက်ပြီး  ထွန်းထွန်းနိုင်(ခ)အားဖူ နှင့် အေးဖေ (ခ)အင်းသားဆိုသူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄/၂၀၂၅၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ နာမည်ကြီး KTV များနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် ဂိုဏ်းဖွဲ့၍ စိတ်ပြောင်းဆေးဝါး(Happy Water)များကို ဖြန့်ချိနေသည်များရှိသလို နာမည်ဆိုးရှိသည့် ရဲထွက်(ရဲပြုတ်)အချို့ နှင့် ပြည်သူ့စစ်အချို့က  စိတ်ပြောင်းဆေးဝါး(Happy Water)များကို ဖြန့်ချိနေကြောင်းလည်း သတင်းရရှိထားသည့်အတွက် စုံစမ်း စောင့်ကြည့်နေကြောင်းလည်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။