တာချီလိတ်မြို့မီးလင်းရေးကော်မတီသစ်က လျှပ်စစ်သုံးစွဲခ တစ်ယူနှစ်လျှင် ထိုင်းဘတ်ငွေ (၁၅)ပြားစီ လျှော့ချကောက်ခံမှု ဖေဖော်ဝါရီလတွင် စတင်မည်
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ဖြူးနေသည့် လျှပ်စစ်ဓါတ်အား သုံးစွဲခများနှင့် ပတ်သက်၍ အရပ်သားများဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည့် မြို့မီးလင်းရေးကော်မတီက ပထမဆုံးအဖြစ် လျှပ်စစ်ဓါတ်အားနှုန်းထားများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ အိမ်သုံးမီတာနှင့် ပါဝါမီတာများကို ထိုင်းဘတ်ငွေ (၁၅)ပြားစီ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ အရပ်သားကော်မတီလက်ထက်မှာ သက်သာတဲ့ဈေးနှုန်းနဲ့ ဖြန့်ဖြူးနိုင်ဖို့ကို အဓိကလုပ်နေပါတယ်။ အခုလျှော့ချပေးနိုင်တဲ့နှုန်းထားကို ကော်မတီအနေနဲ့ ညှိနှိုင်းဆွေးနွေးပြီး လျှော့ချပေးတာဖြစ်ပါတယ်။ နောက် အိမ်ရှင် အိမ်ငှားကြားထဲက မီတာခ တိုးကောက်တဲ့ဟာကိုလည်း ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ”
ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က ဇန်နဝါရီလ(၉)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် အိမ်သုံးမီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ် ပြား(၅၀)နှုန်းဖြင့် ကောက်ခံနေရာမှ (၅)ဘတ် (၃၅)ပြားသို့ လည်းကောင်း၊ ပါဝါမီတာ တစ်ယူနစ်လျှင် (၆)ဘတ် (၇၅)ပြားနှုန်း ကောက်ခံနေရာမှ (၆)ဘတ် ပြား(၆၀)သို့ လည်းကောင်း လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့မီးလင်းရေးကော်မတီကို ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းဆောင်ရွက်လာခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး ဌာနဆိုင်ရာများ မပါဝင်ဘဲ မြို့မိမြိုဖ မြို့လူထုသာပါဝင်သည့် ကော်မတီအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည်ဖွဲ့စည်းလာခြင်း ဖြစ်သည်။
လက်ရှိ တာဝန်ယူထားသည့် မြို့မီးလင်းရေးကော်မတီတွင် နာယကများအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် မြို့မိမြို့ဖ ဦးဝန်းယုံးတို့က ဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးတင်လှိုင်(မြသဟာဆေးရုံ - အဆွေတော်)၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းအုန်းကျော် (မြေစာရင်း-ငြိမ်း)၊ အဖွဲ့ဝင်များအဖြစ် ဦးစိုင်းလုံမား(မြို့မိမြို့ဖ)၊ ဦးမင်းနိုင်(မီးလင်းရေးရုံးခွဲ အဖွဲ့(၂)၊ ဦးစိုင်းဆမ်ဆု (အင်ဂျင်နီယာ၊မြို့ပြ)၊ ဒေါ်စုစန္ဒာဝင်း(ဥပဒေပညာရှင်)၊ ဦးဟန်ဝင်းအောင်(လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးစိုင်းဘုန်းမြတ်( M&E သင်တန်းဆင်း)၊ ဦးစိုင်းလုံဟောင်(ရပ်မိရပ်ဖ)၊ ဦးသိန်းညွှန့်(ဟုတ်တက်တရုတ်ဘုံကျောင်း)၊ ဦးအားလယ် (အာခါစာပေနှင့် ယဉ်ကျေးမှု)၊ ဦးရဲထွန်းသိန်း(တိုးတက်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ)တို့ တာဝန်ယူထားကြခြင်းဖြစ်သည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီသည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူရာတွင် ထိုင်းနိုင်ငံမှ ရောင်းချသည့်မူရင်းဈေးအပြင် လျှပ်စစ်မီးဝယ်ယူရေး ကြားခံဆောင်ရွက်ပေးသည့် ထိုင်း Allure ကုမ္ပဏီကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ(၁၀)ပြားဝန်းကျင်နှုန်းပေးဆောင်ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မီးလင်းရေးကော်မတီက ဖြန့်ဝေသည့် လျှပ်စစ်ဓါတ်အားကို အိမ်ခန်းငှားရမ်းသူများက အိမ်ငှားများထံ အမြတ်တင်၍ ကောက်ခံနေခြင်းများလည်းရှိနေရာ ယင်းကဲ့သို့လုပ်ဆောင်ခြင်းများအား အရေးယူနိုင်ရန်ကိုလည်း လက်ရှိရေးဆွဲနေသည့် မူဝါဒတွင် ပါဝင်လာဖွယ်ရှိသည်ဟု သိရသည်။
မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တာချီလိတ်မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုများသို့ ဖြန့်ဖြူးပေးဝေနေခြင်း ဖြစ်သည်။