မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် (၁၀)လုံးခန့် ထိခိုက်ပျက်စီးကြောင်း မြိုင်-ပကဖ အဖွဲ့ထံမှ သိရသည်။
မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၉)ရက်နေ့ မနက် (၆)နာရီတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စခန်းမကျစေရေး လေကြောင်းပစ်ကူနှင့် မြေပြင်စစ်ကူများ စေလွှတ်ခဲ့သော်လည်း ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ မြိုင်မြို့မှ အင်အား (၁၅၀)ခန့်ရှိသည့် စစ်ကူများ စေလွှတ်ခဲ့ပြီး ၊ အဆိုပါ စစ်ကူများအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက် (၇)နာရီခန့်တွင် တစ်ကြိမ် ၊ နေ့လယ် (၁၂)နာရီခန့်တွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကာ စုစုပေါင်း တိုက်ပွဲကြာချိန် (၄)နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကူစစ်ကြောင်းမှ ဗိုလ် (၁)ဦး အပါအဝင် (၁၄)ဦးခန့် သေဆုံးပြီး (၃၀)ဦးခန့် ဒဏ်ရာရရှိပြီးနောက် စစ်ကူစစ်ကြောင်းတစ်ခုလုံး မြိုင်မြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြိုင်-ပကဖ အဖွဲ့က ဆိုသည်။
သရက်ကွပျူစောထီးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးခဲ့ပြီး ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ် (၁၀)လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီစခန်းများ ၊ ပျူစောထီးစခန်းများကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်သဖြင့် အလင်းဝင်လိုသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းသွားရန် မြိုင်-ပကဖ အဖွဲ့က တိုက်တွန်းထားသည်။
သရက်ကွပျူရွာ တိုက်ခိုက်သိမ်းပိုက်မှုအား မြိုင် ပကဖ ၊ပေါက်ပကဖ ၊ (မြိုင် ပေါက် ကမ္မ ) ပကဖတပ်ရင်း အမှတ် (၁ ၊ ၂)တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၂ /၆/၇/၁၄/၁၅/၁၇) တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့နှင့် ကိုအောင်ကြီးတပ်ဖွဲ့တို့က စနစ်တကျပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo:မြိုင်-ပကဖ