တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းရှိ စစ်ကောင်စီတပ်စခန်းအပါအဝင် စစ်ရေးပစ်မှတ်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း ထံမှ သိရသည်။
ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ (၂၅)ရက်နေ့တွင်လည်း ရေဖြူမြို့ ပေါ်တော်မူဘုရားအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် အမှတ် (၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရေဖြူမြို့ အခြေစိုက် ခမရ (၄၀၇)တပ်ရင်းတို့အားလည်း တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ (၁)ဦးနှင့် တပ်သား (၉)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
အဆိုပါ တိုက်ခိုက်မှုများအား ဒေါနတပ်ရင်း တပ်ခွဲ (၆)၊ တပ်ခွဲ (၇)နှင့် တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ပြည်သူဘက်သို့ ကူးပြောင်းလိုသည့် အရာရှိစစ်သည်၊ တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့သို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်ကြောင်း ဒေါနစစ်ကြောင်းက အသိပေးထားသည်။
#TachileikNewsAgency
Photo: aw Na Column-P29902 (ပုံဟောင်း)