လွိုင်ကော်မြို့တွင်း ယနေ့အထိ ရေများ ဆက်လက် ဖုံးလွှမ်းနေဆဲ

လွိုင်ကော်မြို့တွင်း ယနေ့အထိ ရေများ ဆက်လက် ဖုံးလွှမ်းနေဆဲ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ ရေများမကျသေးဘဲ ဆက်လက် ဖုံးလွှမ်းနေဆဲ ဖြစ်သည်ကို တွေ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေသည် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်မြင့်တက်နေရာ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

“အဓိက မိုးဗြဲလမ်းမ တလျှောက်ပဲ။ အဓိက ရေကြီးတဲ့နေရာတွေက ဘီလူးချောင်းဘေးရွာတွေပါ။”ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့၌ ရေဘေးသင့်ပြည်သူများကို သာသနာ့ဗိမ္မာန်၊ ဥတ္တရာရုံဘုန်းကြီးကျောင်းနှင့် ကျောင်းထိုင်ဘုန်းကြီးကျောင်းတို့တွင် နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: DOC