မိုင်းရယ်မြို့ ဒေသတည်ငြိမ်ရေးအတွက်ဟုဆိုကာ SSPP က အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲ 

မိုင်းရယ်မြို့ ဒေသတည်ငြိမ်ရေးအတွက်ဟုဆိုကာ SSPP က အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲ 
ဇူလိုင် 14, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ကို ဒေသတည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက်ဟုဆိုကာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က စစ်အင်အား (၁၀၀၀)ကျော်ဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ကစတင် တပ်စွဲလိုက်သည်ဟု SSPP ဘက်က ထုတ်ပြန်သည်။

နှစ်ပေါင်းများစွာ စိုးမိုးလာသည့် နယ်မြေဖြစ်ကာ ပြည်သူလူထု တောင်းဆိုချက်အရ ပြည်သူများကိုကာကွယ်ရန်အတွက် ဝင်ရောက်တပ်စွဲခြင်းဖြစ်ပြီး ဇူလိုင်လ (၁၃)ရက်နေ့တွင်လည်း အင်အားထပ်မံဖြည့်တင်းကာ မိုင်းရယ်မြို့နယ်အတွင်း နေရာအနှံ့  ဖြန့်ကျက်ထားသည်ဟု ဆိုသည်။

“ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါ ကြောင့်လည်း အခြားအဖွဲ့အစည်းတွေလက်ထဲကို ရောက်မသွားအောင်ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ရှိနေအောင် အခုလိုလုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလည်း သူတို့ကိုကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်။”ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ပြောရေး ဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်ဟု ဖော်ပြထားသည်။

မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇)နှင့် ခြေလျင်တပ်ရင်း ခလရ (၂၂) တို့ အခြေစိုက်ထားသည်။

တန့်ယန်းမြို့သည့် မိုင်းရယ်မြို့နှင့် မိုင်(၄၀)သာဝေးကာ မိုင်းရယ် မြို့တွင် ဇူလိုင်လ (၁၁)ရက်နေ့ကစတင်၍ စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့မှ စစ်ကောင်စီတပ်စခန်းကိုလည်း TNLAက ဝင်တိုက်သေးသည်။

တန့်ယန်းနှင့် မိုင်းရယ်မြို့တို့သည် လားရှိုးခရိုင်အတွင်းပါရှိပြီး လားရှိုးမြို့ကို MNDAAက တိုက်ခိုက်နေသည်မှာ (၁၁)ရက်ကြာပြီဖြစ်သည်။

#TachileikNewsAgency

Photo: SSPP Info