စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား (၃)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ညနေလေးနာရီခန့်တွင် ခန္တီးမြို့နယ် ချောင်းသုံးခွဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား (၃၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ကြိုတင်သတင်းရရှိမှုကြောင့် နေရာယူကာ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ခန္တီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား သုံးဦးအား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ MA-1 နှစ်လက် ၊ MA-2 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ( ၂၀ ) ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီးကျေးရွာတွင် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဆိုပါ ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများ၌ NPDF အဖွဲ့မှ ဒု-တပ်စိတ်မှူးနှင့် တပ်စိတ်မှူးတို့ ကျဆုံးခဲ့ကြောင်း သိရှိရသည်။
#TachileikNewsAgency
Photo: NPDF - Battalion