ပုလဲမြို့တိုက်ပွဲ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်ရ

ပုလဲမြို့တိုက်ပွဲ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်ရ

စစ်ကိုင်းတိုင်း ပုလဲမြို့တွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဗိုလ်နဂါး၏ BNRA နှင့် မဟာမိတ်တပ်များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်များကို ၂၀၂၄ခုနှစ် နိုဝင်ဝင်ဘာလ(၁၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ (၄)ရက်အတွင်း ဂျက်ဖိုက်တာဖြင့် (၂၁)ကြမ်၊ MI-35 ဖြင့် (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

“လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတယ်။ ပြည်သူပိုင် နေအိမ်တွေ၊ နိုင်ငံတော်ပိုင် အဆောက်အဦးတွေလည်း ပြိုကျပျက်စီး မီးလောင်တာတွေရှိတယ်။”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ 

တိုက်ပွဲများနှင့် လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့တွင်း ပိတ်မိနေသော အရပ်သားများ၊ Non CDM ဝန်ထမ်းများအား မြို့နယ်အဆင့် ပအဖ၊ ပကဖများ၊ တိုက်နယ် ပအဖ၊ ပကဖများ၊ MOD ၏ တပ်ရင်းတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ကူညီကယ်တင်ပေးခဲ့ရသည်ဟုလည်း ဆိုသည်။ 

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်နှင့် အနီးကျေးရွာ (၁၂)ရွာဝန်းကျင်မှ အရပ်သား(၁၀၀၀၀)ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်များမှာ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မြိုင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့ရှိ ကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။ 

ထွက်ပြေးလာသောစစ်ဘေးရှောင်များအား သက်ဆိုင်ရာကျေးရွာများမှ သံဃာတော်များ ၊ ရပ်ကျေး ပအဖ၊ ပကဖများမှ ဦးဆောင်ပြီး ကူညီစောင့်ရှောက်ပေးနေသည်ဟုလည်း သိရသည်။ 

ထို့အပြင် ယမန်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်မှ ပုလဲမြို့ပေါ်သို့ MI-17 ဖြင့် (၄)ကြိမ် စစ်ကူ ပို့လာသောကြောင့် တော်လှန်ရေးတပ်များဘက်က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့်အတူ ပုလဲမြို့ပေါ်မှ ဆုတ်ခွာပေးလိုက်ရသည်ဟုလည်း သိရသည်။

စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်များက ပြည်သူများနေအိမ်များအား မီးရှို့ခြင်း စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်ခံရမည်စိုးရိမ်သောကြောင့် ယင်းနေ့ ညနေပိုင်းတွင် အနီးရှိကျေးရွာများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်သဖြင့် စစ်ရှောင်ဦးရေတိုးလာပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:CJ