နောင်ချိုမြို့နယ် ရွှေမုဌောရွာကို စစ်ကောင်စီတပ်က ဗုံး ၂၅ လုံးကြဲရာ ကလေးတစ်ဦးသေဆုံး 

နောင်ချိုမြို့နယ် ရွှေမုဌောရွာကို စစ်ကောင်စီတပ်က ဗုံး ၂၅ လုံးကြဲရာ ကလေးတစ်ဦးသေဆုံး 
စက်တင်ဘာ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ရွှေမုဌောရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ နံနက်(၁၂)နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံး(၂၅)လုံးကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ် ရွှေမုဌောရွာကို လေယာဥ်(၂)စီးဖြင့် နံနက်(၁၂)နာရီခွဲတွင် ဗုံးကြဲချသွားပြီးနောက် နံနက်(၅)နာရီခန့်တွင် လေယာဥ်တစ်စီးဖြင့် ထပ်မံလာရောက်ကြဲချသွားသည်ဟု သိရသည်။ 

"(၃)စီးပေါင်း (၂၅)လုံးလာကြဲသွားတယ်။ (၁၃)နှစ်သမီးလေး တစ်ယောက်ဆုံးတယ်။ ကလေးမလေးရဲ့အဖေက သတိလစ်ပြီး အရေးပေါ်အခြေအနေဖြစ်နေတယ်။ နေအိမ်အတော်များများထိခိုက်ပျက်စီးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ရွှေမုဌောရွာသည် ရွာကြီးဖြစ်ပြီး စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။ 

အဆိုပါရွာသည် နောင်ချိုရှိ စစ်ကောင်စီ ၆၀၆ တပ်စခန်းကို TNLA က သိမ်းပိုက်စဥ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ခြင်းကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရာက ဒေသခံများ ပြန်ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။ 

"၆၀၆ တုန်းက ကံကြီး၊ ရွှေမုဌောက မဲခံရတဲ့ထဲပါတယ်။ အဲဒီရွာခံတွေ လွတ်ရာကို စစ်ရှောင်နေကြတာ။ ရွှေမုဌောရွာက အခြေအနေငြိမ်သက်ပြီဆိုပြီး

ရွာခံတွေပြန်လည်ဝင်ရောက်ပြီးနေတာ။ အခုပြန်တိမ်းရှောင်နေကြရတယ်။ ရွှေမုဌောတဝိုက်ကိုပဲ ၂၅ လုံးကြဲသွားတာ။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။ 

ရွှေမုဌောရွာသည် နောင်ချိုနှင့် တောင်းခမ်းရွာကြားတွင်ရှိပြီး တောင်းခမ်းဘက် စစ်မြေပြင်ရွေ့သွားသဖြင့် ရွာခံများက ပြန်ဝင်လာကြခြင်းဖြစ်သည်။

#TachileikNewsAgency