KNU တပ်မဟာ ၅ နယ်မြေအတွင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား တစ်ဦး သေဆုံး

KNU တပ်မဟာ ၅ နယ်မြေအတွင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား တစ်ဦး သေဆုံး
စက်တင်ဘာ 19, 2024 | 2021 Military Coup| အခြားဒေသများ

KNU ၏ မူတြော်ခရိုင် အမှတ် (၅) တပ်မဟာနယ်မြေအတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အမှတ် (၅) တပ်မဟာနယ်မြေအတွင်း တိုက်ပွဲပေါင်း (၆၃)ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈)ဦး သေဆုံးကာ (၁၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အမှတ် (၅)တပ်မဟာမှ တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

လေကြောင်းဖြင့် လာရောက်ပို့ဆောင်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာမှ အရပ်သား (၁) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူတြော်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအနေဖြင့် တိုက်ပွဲများအတွင်း ပစ်ကူပေးရန်နှင့် ရိက္ခာပို့ဆောင်ရန်အတွက် လေကြောင်းတစ်ခုတည်းကိုသာ အားကိုးနေရကြောင်း KNU ဗဟိုမှ အသိပေးထားသည်။

#TachileikNewsAgency