အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသည့် မြန်မာပြည်သူများ၏ လုံခြုံရေး ၊ ကျန်းမာရေးနှင့် အနာဂတ်အတွက် အကူအညီများ ပေးအပ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်း တောင်းဆို

အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသည့် မြန်မာပြည်သူများ၏ လုံခြုံရေး ၊ ကျန်းမာရေးနှင့် အနာဂတ်အတွက် အကူအညီများ ပေးအပ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်း တောင်းဆို

အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသည့် မြန်မာပြည်သူများ၏ လုံခြုံရေး ၊ ကျန်းမာရေးနှင့် အနာဂတ်အတွက် အကူအညီနှင့် စောင့်ရှောက်မှုများ ပေးအပ်ရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ မဟာမင်းကြီးများအား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန် ဆွေးနွေးသည့် အစီအစဉ်၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင်ဂျာအပါအဝင် များစွာသော မြန်မာပြည်သူများ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားသော နေရာဒေသများ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် အခြားဒေသတွင်းနိုင်ငံများတွင် ခိုလှုံနေထိုင်နေရလျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

လူမှုရေးနောက်ခံ အမျိုးမျိုး ကွဲပြားကြသည့် ဒုက္ခသည် အများစုအနေဖြင့်လည်း တတိယ နိုင်ငံများ၌ နိုင်ငံရေး ခိုလှုံခွင့်နှင့် ယာယီအကာအကွယ်ပေးမှုများ လျှောက်ထားလျက်ရှိကြပြီး ဒုက္ခရောက်နေသော  မြန်မာပြည်သူများအား အကူအညီပေးအပ်လျက်ရှိသော အိမ်ရှင်နိုင်ငံ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးတင်ရှိသည့်နည်းတူ ၎င်းတို့အား လိုအပ်သည့် အကူအညီနှင့် စောင့်ရှောက်မှုများ ပိုမို ပေးအပ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုသည်။

အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့်အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင်နေရလျက်ရှိသည်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိပြီး အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိကာ ၎င်းတို့ အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရလျက်ရှိကြောင်း သံအမတ်ကြီးက အသိပေး ပြောဆိုသည်။

သို့ဖြစ်ပါ၍ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသာ အဆိုပါ မြန်မာပြည်သူများထံသို့ ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့ ကလေးငယ်များ၏ အနာဂတ်အတွက် မည်သို့သော အားပေးစကားနှင့် အကူအညီ ပေးနိုင်မည့် သတင်း စကားများ ပြောကြားပေးနိုင်မည်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းမေးမြန်း တောင်းဆိုခဲ့သည်။

ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံ၍ ဆန္ဒအလျောက် နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ရေးအပါအဝင် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန်မှာ ပြစ်မှုကျူးလွန်သူများကို တရား ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကသော့ချက်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြုံပြု ပြောဆိုခဲ့သည်။

#TachileikNewsAgency 

Photo: Permanent Mission of Myanmar to the United Nations