ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များစစ်ကြောင်းထိုး ဖမ်းဆီးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၈၀ ကျော် ဖမ်းဆီးခံရ

ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များစစ်ကြောင်းထိုး ဖမ်းဆီးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၈၀ ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကြီးရွာမှ ဒေသခံ(၅၀)ဦးကို စစ်ကောင်စီတပ်နှင့် သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ်များက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရသည်။

ယနေ့ နံနက်(၁၀)နာရီကျော်တွင် ကာဘိုးစစ်ကောင်စီတပ်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ်များသည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် ဘူးကြီးရွာကို ဝင်ရောက်စီးနင်းကာ မည်သည့်အကြောင်းပြချက်မှမရှိဘဲ အရပ်သား(၅၀)ဦးအား ဖမ်းဆီး၍ ကန့်ဘလူ(၆၀၀၆)တင့်ကားတပ်ရင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဘူးကြီးကျေးရွာကိုဝင်ပြီးတော့မှ (၁)နာရီလောက်မှာ အပြစ်မဲ့ပြည်သူ ဒေသခံအားလုံးပေါင်း (၅၀)လောက်ကို ကန့်ဘလူ(၆၀၀၆)တင့်ကားတပ်ရင်းကို ခေါ်သွားတယ်။ ရွာကို ဘယ်လိုအကြောင်းကြောင့် ဝင်စီးတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးခံရသည့် အရပ်သားများတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် မည်မျှပါဝင်သည်ကိုမူ တိတိကျကျမသိရသေးဟုလည်း ဆိုသည်။

“အခုဝင်စီးတဲ့စစ်ကြောင်းက အိုင်ပေါင်းချောင်ရွာကို ဝင်စီးတဲ့စစ်ကြောင်းနဲ့အတူတူပါပဲဗျ။ ဘာကြောင့်စစ်ကြောင်းထိုးတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ မြေပြင်မှာလည်း ထိတွေ့မှုတွေ ဘာတွေ ဘာမှမရှိပါဘူး။ ရွာကို မီးရှို့သွားတာတော့ မရှိဘူး။”ဟု ၎င်းကဆက် ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ဘုန်းကြီးကျောင်းပါမချန် မီးရှို့ကာ အိုင်ပေါင်းချောင်ရွာမှ အရပ်သား (၃၇)ဦးကို ဖမ်းဆီးသွားပြီး ကန်ဘလူ(၆၀၀၆)တင့်ကားတပ်သို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

ကန့်ဘလူ(၆၀၀၆)တပ်မှ ထွက်လာသည့် သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ် အင်အား (၁၂၀)ဝန်းကျင်သည် ကားကြီး (၃)စီးဖြင့် ကာဘိုးစစ်ကောင်စီတပ်ထံ ဝင်ရောက်ပြီးနောက် ရေဦးနယ်မြောက်ဘက်ခြမ်း အောင်သာယာပျူစောထီးရွာမှ ထွက်လာသည့် ပျူစောထီး (၄၀)ဦးနှင့်ပေါင်းကာ အိုင်ပေါင်းချောင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်၍ စီးနင်းခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ကိုတင်ထွန်းလင်း ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် အရပ်သားများထဲမှ PDF များနှင့် ဆက်နွယ်ပက်သက်နေသည်ဟုစွပ်စွဲကာ အမျိုးသား(၃၄)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၃၇)ဦးကို လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“အိုင်ပေါင်းချောင်ရွာက ဒေသခံတွေလည်း အခုအချိန်ထိ ပြန်မလွတ်သေးဘူး။”ဟု ၎င်းကဆက်ပြောသည်။ 

ထို့အပြင် မူးချောင်းတောင်ဘက်ခြမ်းရှိ ကျောက်တိုင်ရွာ၊ ကျီစုရွာတို့ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်များက ကျီစုရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်(၄၀၀)ခန့်နှင့် တောင်ကျောင်းဘုန်းကြီးကျောင်း၊ မြောက်ကျောင်းဘုန်းကြီးကျောင်းတို့ မီးလောင်ပျက်စီးခဲ့ရပြီး ကျောက်တိုင်ရွာကိုလည်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၃၀၀)ခန့် မီးလောင်ပျက်စီးကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျောက်တိုင်ရွာနှင့် ကျီစုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့စဥ်