ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားပြီး ရက်သားအရွယ် ကလေးတစ်ဦး ခိုးယူခံရပြီး ရှာမတွေ့သေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မိဘများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ကလေးမှာ မွေးဖွားပြီး (၉)ရက်သာရှိသေးကာ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးက မွေးတာ(၉)ရက်ပဲရှိသေးတယ်။ ကျန်းမာရေးမကောင်းလို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကုသနေရတာ။ အဲဒါ ခေါ်ထားတဲ့ လူနာစောင့်နဲ့ နောက်တစ်ယောက်ပေါင်းပြီး တက္ကစီနဲ့ ကလေးကိုခိုးသွားတာ။ ညနေပိုင်းအထိ ပြန်မတွေ့သေးဘူး။”ဟု မိသားစုဝင်နှင့်နီးစပ် သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် CCTV မှတ်တမ်းကို စစ်ဆေးနေပြီး ကလေးခိုးယူသွားသည့် အမျိုးသမီးမှာ Mask တပ်ထားကာ ဘာသာရေးခေါင်းပေါင်း ဆောင်းထားသူဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် ညောင်ခါးရှည်ဂိတ်တွင် ကလေးအားတွေ့ရှိသည်ဆိုသော သတင်းမှာလည်း မဟုတ်မှန်ဘဲ လိမ်လည်ငွေတောင်းခြင်းသာဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency