လားရှိုးမြို့ကို စစ်ကောင်စီဗုံးကြဲနေ

လားရှိုးမြို့ကို စစ်ကောင်စီဗုံးကြဲနေ
အောက်တိုဘာ 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မယ်ဟန်ဒေသကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် နေ့လယ်(၁)နာရီကျော်ကစတင်ကာ မယ်ဟန်ဒေသကို ဗုံး(၄)လုံး ကြဲချသွားခြင်းဖြစ်ပြီး နေ့လယ် (၁)နာရီ (၄၅)မိနစ်တွင်လည်း ဗုံးထပ်မံကြဲချရာ မည်သည့်နေရာတွင် ဖြစ်သည်ကိုမူ မသိရသေးဟု ဆိုသည်။

“ပထမ ဗုံး(၄)လုံး လာကြဲတယ် မယ်ဟန်ဒေသဘက်ကို နောက်တစ်ကြိမ် ထပ်လာကြဲတာကတော့ ဘယ်ကိုလဲဆိုတာ မသိရသေးဘူး။ လတ်တလောကတော့ သတင်းအချက်အလက် ထပ်မရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

ယမန်နေ့ နံနက်ပိုင်ကလည်း စစ်ကောင်စီသည် လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်သွားပြီးနောက် တစ်နေကုန် လေယာဉ်ပျံဝဲနေကာ ညနေပိုင်းတွင် လားရှိုးမြို့ရှိ အမှတ်(၁)ရဲစခန်းကို ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။ 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုများကြောင့် စက်ရုံနှင့် ဈေးဆိုင်များအပြင် ရဲစခန်းအတွင်းမှ အချုပ်သား (၂)ဦး ထိခိုက်သေဆုံးသည်ဟုလည်း သိရသည်။

စစ်ကောင်စီသည် ၂၀၂၄ခုနှစ် ဩဂုတ်လမှစတင်ပြီး လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု အကြိမ်ရေ (၂၀)ကျော်ရှိလာပြီး အရပ်သားထိခိုက်သေဆုံးသူ (၁၀၀)ဝန်းကျင်ရှိကာ နေအိမ်များ၊ ဟိုတယ်၊ ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီလေတပ်က စက်တင်ဘာလ ၂၅ရက်နေ့က လားရှိုး နည်းပညာတက္ကသိုလ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဥ် (ပုံဟောင်း)