အာဏာသိမ်း စစ်အုပ်စုမှ တာဝန်ယူပြီး မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် အစည်းအဝေး ( ၁၉ ) ခုကို အာဆီယံက စီစဉ်ထားပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းသည် ၎င်းတို့၏ ရာဇဝတ်မှုများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးနေခြင်းသာဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့မှ ယနေ့ အောက်တိုဘာလ ( ၈ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်အုပ်စုသည် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများ ဖြစ်သော်လည်း၊ အာဆီယံအဖွဲ့ဝင်များသည် ၎င်းတို့အား အစိုးရ ကိုယ်စားလှယ်များသဖွယ် လက်ဆွဲနှုတ်ဆက် ဓာတ်ပုံရိုက်ကာ ထိတွေ့ဆက်ဆံကြဉီးမည်ဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့က ဆိုသည်။
မြန်မာစစ်တပ်သည် ကလေးငယ် ၆၀၀ ကျော် အပါအဝင် အရပ်သားပြည်သူ ၅,၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်လုပ်ဆောင်နေသည့် စစ်အုပ်စုကို အာဆီယံမှ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စုသည် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ထားပြီး၊ ထောက်လှမ်းရေးနည်းပညာများ အသုံးပြုကာ ကိုယ်ရေးကိုယ်တာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ချိုးဖောက် ပိတ်ပင်လျက်ရှိသော်လည်း အာဆီယံအနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေအကြောင်းများကို စစ်အုပ်စုနှင့် ဆွေးနွေးဦးမည်ဖြစ်ပြီး ၎င်းတို့၏ ချိုးဖောက် ကျူးလွန်မှုများအပေါ် တရားဝင်မှု ပေးနေဉီးမည်ဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် ထိုသို့သော အစည်းအဝေးများကို လက်ခံ ကျင်းပစေခြင်းအားဖြင့် အာဆီယံသည် စစ်အုပ်စုအား တရားဝင်မှုများ ပေးအပ်နေပြီး စစ်အုပ်စုသည် စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိလာသော အမြတ်အစွန်းများဖြင့် ပြည်သူလူထုကို ပြန်လည်အကြမ်းဖက်နေခြင်းဖြစ်ကာ အာဆီယံသည် ထိုကိစ္စများ၌လည်း ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးကြဦးမည်ဖြစ်သည်ဟုလည်း ဆိုသည်။
အပြစ်မဲ့ပြည်သူများ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံနေရမှုများအားလုံးအတွက် တာဝန်ရှိသည့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းသည် ၎င်းတို့၏ ရာဇဝတ်မှုများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးနေခြင်းသာဖြစ်ပြီး ထိုသို့သော အစည်းအဝေးများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ရှိရင်းစွဲ သံတမန်နှင့် ကြားခံဖျန်ဖြေသူအဖြစ်ရှိနေသည့် အာဆီယံအပေါ် ယုံကြည်ကိုးစားမှု ဆုံးရှုံးစေမည်သာဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့က အသိပေးထားသည်။
အာဆီယံ အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်များအား ဖယ်ထုတ်ပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကို အရပ်ဘက် အဖွဲ့အစည်း ( ၂၃၇ ) ဖွဲ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသည်။