လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ရန် စစ်ကောင်စီအား သတင်းပေးသူ ၂ ဦး MNDAA ဖမ်းမိ

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ရန် စစ်ကောင်စီအား သတင်းပေးသူ ၂ ဦး MNDAA ဖမ်းမိ
အောက်တိုဘာ 7, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် လေကြောင်းတိုက်ခိုက်ရန် စစ်ကောင်စီထံ သတင်းပေးနေသူ(၂)ဦးကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးသည် Star Link ကိုအသုံးပြုကာ လားရှိုးမြို့တွင် ဗုံးကြဲတိုက်ခိုက်ရမည့် နေရာများအား စစ်ကောင်စီ ထံပေးပို့ထားသည့် အချက်အလက်များနှင့်အတူ ဖမ်းဆီးရမိထားသဖြင့် Star Link အင်တာနက်လိုင်းများကို ပိတ်ခိုင်းထားကြောင်း သိရသည်။ 

“ဒလန်နှစ်ယောက်ကို ဖမ်းမိတာဟုတ်ပါတယ်။ Star Link တွေ အကုန်လုံးကို ပိတ်ထားပါတယ်။ မကြာခင် အထူးဒေသ(၁)ဘက်ကနေ တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်။”ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို ဩဂုတ်လ နှောင်းပိုင်းမှ အောက်တိုဘာလ (၇)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ်အထက် ပြုလုပ်ခဲ့ရာ အရပ်သား(၃)ဦး သေဆုံးပြီး (၅၀)ဦးဝန်းကျင် ဒဏ်ရာရကာ နေအိမ်၊ ဈေးနှင့် ကျောင်းများ ပျက်စီးခဲ့ရသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ လားရှိုးမြို့မှ ပြန်လည်တိမ်းရှောင်ရခြင်းများ ရှိခဲ့သည့်အပြင် တိုက်ပွဲကာလအတွင်း တိမ်းရှောင်သွားသူများမှာလည်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဖြစ်ခဲ့သည်။

ထို့ကြောင့် လားရှိုးမြို့ပေါ်တွင် ဖွင့်ပေးထားသည့် ဆက်သွယ်ရေးလိုင်းများကို MNDAA က လုံခြုံရေးအရ ပြန်လည်ပိတ်သိမ်းထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: လားရှိုးမြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ ညပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့စဥ် (ပုံဟောင်း)