ရှမ်းပြည်နယ်တွင် စိုးရိမ်စရာမရှိတော့သော်လည်း တောင်ငူနှင့် ပဲခူး သတိထားရန် မိုးလေဝသပညာရှင် သတိပေး

ရှမ်းပြည်နယ်တွင် စိုးရိမ်စရာမရှိတော့သော်လည်း တောင်ငူနှင့် ပဲခူး သတိထားရန် မိုးလေဝသပညာရှင် သတိပေး
စက်တင်ဘာ 14, 2024 | အခြားဒေသများ

ရေပြန်ကျနေပြီဖြစ်သည့် ရှမ်းပြည်နယ်တွင် စိုးရိမ်စရာမရှိတော့သော်လည်း စစ်တောင်းမြစ်ရေကြီးနေခြင်းကြောင့် တောင်ငူနှင့် ပဲခူးသတိထားရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောသည်။ 

လာမည့် ရက်သတ္တပတ် တစ်ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မိုးအားလျော့နည်းလာနိုင်မည်ဖြစ်သော်လည်း မိုးအားလျော့လာခြင်းကြောင့် ထပ်မတိုးနိုင်ခြင်းသာရှိပြီး ရေကြီးနေခြင်းများကိုလျော့ရန်မှာ ရေမြန်မြန်စီးထွက်သွားရန်သာလိုသည်ဟု ဆိုသည်။ 

"မိုးအားလျော့တာက ကြီးနေတဲ့ရေ ထပ်မတိုးလာတာဘဲ ရှိပါမယ်။ စစ်တောင်းမြစ်ရေကြီးနေတာတွေက (၂၀)ရက်ဝန်းကျင်လောက်မှ ပြန်ကျနိုင်မယ်လို့တော့ တွေ့ထားတယ်။ လှိုင်မြစ်ဘက်က (၁၇)ရက်နေ့ဆို ကျနိုင်ပါမယ်။ စစ်တောင်းမြစ် တောင်ငူနဲ့ အောက်ဘက် ပဲခူး အဲဒီ (၂)နေရာပါဘဲ သတိထားရမယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က Tachileik News Agency ကိုပြောသည်။ 

လက်ရှိတွင် ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ အထက်ဘက်၌ စိုးရိမ်ရေမှတ်ကို အလွန်အမင်း ကျော်လွန်နေပြီး မြစ်အောက်ပိုင်းသို့ ဆင်းလာတော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က စက်တင်ဘာလ(၁၃)ရက်နေ့ ညပိုင်းတွင် ပြောသည်။ 

စစ်တောင်းမြစ်ရေသည် တောင်ငူအောက်ဘက်၊ ရွှေကျင်အထက်ဘက်(နတ်သံကွင်း)တွင်လည်း စိုးရိမ်ရေအမှတ်ထက် အလွန်အမင်း ကျော်လွန်နေသည်ဟု သိရသည်။ 

လက်ရှိတွင် တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေနစ်မြုပ်နေပြီး လူအသေအပျောက်လည်းရှိနေသည်။ 

စစ်တောင်းမြစ်ရေသည် လက်ရှိတွင် တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ် ၃၅.၁၀ အထက် (၂)ပေခွဲကျော်လွန်နေသဖြင့် လာမည့်ရက်တွင် နောက်ထပ် တစ်ပေထပ်တိုးမည်ဟု မိုးဇလက ကြေညာထားသည်။ 

တောင်ငူအောက်ဘက်တွင် အုတ်တွင်း၊ ကျွဲပွဲ၊ ထန်းတပင်နှင့် ဇရပ်ကြီး စသည့်မြို့များရှိသည်။ 

ရှမ်းအရှေ့တွင် ရေပြန်ကျသွားပြီးဖြစ်ပြီး ရှမ်းတောင်ပိုင်းတွင် မိုးရွာသွန်းမှုနည်းလာကာ ရေပြန်ကျနေပြီဖြစ်သော်လည်း ယနေ့ စက်တင်ဘာလ(၁၄)ရက်နေ့အထိ နေအိမ်များ နစ်မြုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

တောင်ကြီး၊ ရွှေညောင်၊ ဟိုပုံး၊ ကလေး စသည့်မြို့များတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း တချို့နေရာများမှာ နေအိမ်များ နစ်မြုပ်နေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : တာချီလိတ်မြို့ရေကျပြီးနောက် စက်တင်ဘာလ (၁၃)ရက်နေ့က မြင်တွေ့ရစဥ် (ပုံဟောင်း)