ပျော်ဘွယ်မြို့တွင် လူ ၁၅ ဦး ရေစီးနှင့် မျောပါ ၂ ဦးသာ ကယ်တင်ထားနိုင် 

ပျော်ဘွယ်မြို့တွင် လူ ၁၅ ဦး ရေစီးနှင့် မျောပါ ၂ ဦးသာ ကယ်တင်ထားနိုင် 
စက်တင်ဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် လူ(၁၅)ဦး ရေစီးနှင့် မျောပါသွားပြီး (၂)ဦးသာ ကယ်တင်နိုင်ကာ (၃)ဦးသေဆုံးပြီး (၁၀)ဦး ပျောက်ဆုံးနေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

"ရေစီးနောက်မျောပါသွားတဲ့လူ (၁၅)ဦးရှိပါတယ်။ (၂)ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်။ (၃)ဦးကတော့ သေဆုံးတာ ပြန်တွေ့တယ်။ (၁၀)ဦးကတော့ ပျောက်ဆုံးနေလို့ ရှာနေကြတယ်။"ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက Tachileik News Agency ကိုပြောသည်။

ပျော်ဘွယ်မြို့နယ်တွင် ရန်အောင်ကန်နှင့် ကျောက်ဆည်ကန်ကျိုးကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရွာပေါင်း (၃၁၈)ရွာ ရေနစ်မြုပ်နေသည်။ 

"ပျော်ဘွယ်မြို့နယ်ထဲ ရေကြီးရေလျှံမှုက နေရာအနှံ့နီးပါးကိုဖြစ်နေတာပါ။ ဖြစ်တဲ့နေရာတိုင်းကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိပါတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Tachileik News Agency ကို ယနေ့ မနက်ပိုင်းက ပြောသည်။ 

ထို့အပြင် လမ်းများလည်းပျက်စီးပြီး တံတားများပါ ကျိုးကျ မျောပါသွားပြီဖြစ်သဖြင့် လမ်းပန်းဆက်သွယ်‌ရေး ပြတ်တောက်နေသည်။ 

ရေနစ်မြုပ်မှုကြောင့် နေအိမ်များအတွင်း၌ ပိတ်မိနေသူ အများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency