KNU တပ်မဟာ ၅ နယ်မြေအတွင်း ဇူလိုင်အတွင်း၌ တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့

KNU တပ်မဟာ ၅ နယ်မြေအတွင်း ဇူလိုင်အတွင်း၌ တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့
သြဂုတ် 4, 2024 | 2021 Military Coup

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၄ခုနှစ် ဇူလိုင်လအတွင်း၌ တိုက်ပွဲပေါင်း (၁၀၁) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း ဇူလိုင်လ (၁) ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်သား (၅၂)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ အဆောက်အဦး (၂)ခု ထိခိုက်ပျက်စီး၍ မြင်း (၂)ကောင် သေဆုံးခဲ့ကြောင်း KNUဗဟိုက ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ(၅)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် မူတြော်ခရိုင်အတွင်း စစ်ကောင်စီဖက်မှ လေကြောင်းမှသာ ရိက္ခာများ ချပေးခြင်းတို့ လုပ်ဆောင်နိုင်တော့ပြီး ၊ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများနှင့် လေကြောင်းတို့မှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၄ ခုနှစ် မေလအထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅)နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ (၇၈,၈၇၉)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency