တရုတ်နိုင်ငံတွင် တိုက်ခတ်နေသည် YAGI မုန်တိုင်း အရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အပါအဝင် တာချီလိတ်မြို့တို့တွင် မိုးအလွန်များကာ မယ်ဆိုင်ချောင်းရေ အထူးသတိရှိရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
YAGI မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများနှင့် တာချီလိတ်မြို့တို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နှင့် (၁၀)ရက်နေ့တို့တွင် မိုးများလာနိုင်သည်ဟု ဆိုသည်။
"ကျိုင်းတုံ၊ တာချီလိတ်ဒေသတွေမှာ ဒီနေ့ည သန်းခေါင်မှ နောက်(၄၈)နာရီအတွင်း ရွာနိုင်တဲ့မိုးရေချိန်က အတော်များပါတယ်။ မိုးရေချိန် (၂၅၅)မီလီမီတာဆိုတာ (၁၀)လက်မကျော်ပါတယ်။"ဟု ဦးဝင်းနိုင်က ပြောသည်။
စက်တင်ဘာလ (၉)ရက်နေ့ ညနှင့် (၁၀)ရက်နေ့ မနက်အစောပိုင်းတွင် YAGI အကြွင်းအကျန် လေပွေလှိုင်းသည် ရှမ်းပြည်နယ်အရှေ့ဖျားပိုင်းကို စတင်ရောက်မည်ဟုလည်း သတိပေးထားသည်။
"လောလောဆယ် မယ်ဆိုင်ချောင်းရေအခြေအနေက ကျနော်မသိတော့ ချောင်းရေတက်မှာ ရေကြီးမှာကိုတော့ ခန့်မှန်းပြောပေးနိုင်တာမရှိပါ။ မိုးအရမ်းများရင် တောင်ကျချောင်းရေကျလာမယ်၊ ရေကြီးနိုင်မယ်ဆိုတာတော့ ဒေသခံတွေ သိကြမှာပါ။"ဟု ဦးဝင်းနိုင်ကပြောသည်။
လက်ရှိတွင် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း (YAGI)၏ အပြင်ဘက်တိမ်တိုက်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းကို စဝင်နေပြီဟုလည်း သိရသည်။
#TachileikNewsAgency