သမိုင်းတလျှောက် အပူဆုံးကာလကို မြန်မာနိုင်ငံ ရင်ဆိုင်နေရပြီး ဆက်လက် အပူချိန် တိုးလာနိုင်

သမိုင်းတလျှောက် အပူဆုံးကာလကို မြန်မာနိုင်ငံ ရင်ဆိုင်နေရပြီး ဆက်လက် အပူချိန် တိုးလာနိုင်
By Tachileik News Agency

 မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့တွင် အဆိုးရွားဆုံးအပူချိန်ကို ရင်ဆိုင်နေကြရပြီး ဆက်လက်ပြီး အပူချိန်တိုးလာနိုင်ကြောင်း သိရသည်။

ဧပြီလအတွင်း မြန်မာနိုင်ငံတွင် အမြင့်ဆုံး အပူချိန် ၄၃.၃ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ထိုင်းနိုင်ငံက  အပူချိန် ၄၅.၄ဒီဂရီစင်တီဂရိတ်နှင့် အပူဆုံး မှတ်တမ်းဝင်ခဲ့ကြောင်း ဝါရှင်တန်ဒီစီပို့စ်က ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သည် အပူချိန် အများဆုံး ဒေသများ ဖြစ်သည်။

ထို့အပြင် ပါကစ္စတန်နိုင်ငံက အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ဖြင့် ဒုတိယလိုက်ခဲ့ပြီး အိန္ဒိယက ၄၃.၅ ဖြင့် တတိယနေရာတွင် ရှိခဲ့ကာ တရုတ်နိုင်ငံမှာလည်း ထူးထူးခြားခြား ပူပြင်းမှုကို ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

"အထက်ဘက်မှာရော တောင်ပေါ်ဒေသတွေမှာရော နေ့အပူချိန်တွေက မြင့်တက်နေတာ။ မိုးကတော့ ဇွန်လလယ်လောက်မှ စ ကျနိုင်မယ်မှန်းပါတယ်ဗျာ၊ စံချိန်တင် အပူချိန်တွေလဲ ထွက်လာတော့ အသက်မထွက်အောင် အပူဒဏ်ကို သတိထားကြဖို့ပါဘဲ၊အိန္ဒိယဘက်လဲ အာဖရိကတို့ အရှေ့အလယ်ပိုင်းတို့ထက် ပိုပြီး ပူနေတာ ကျွန်တော်တို့ရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီးတစ်ခုလုံးလဲ ပူလာတာပေါ့။ ထိုင်းမှာလဲ ၄၄ ၊ ၄၅ တွေ ဖြစ်နေတယ် ။ မိုးရွာနိုင်ဖို့က နေ့အပူချိန်နဲ့ ငွေ့ရည်ဖွဲ့အမှတ်(Temperature vs Dew Point) ကွာခြားနေသရွေ့တော့ တိမ်တွေ ဘယ်လောက်ဝင်လာလာ မရွာနိုင်သေးဘူး။"ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင် ပြောသည်။

ကျန်ရှိနေသည့် နွေရာသီကာလများတွင် ပိုမိုပူပြင်းနိုင်တာကြောင့် အပူချိန်မြင့်တတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို ပိုမိုသတိထားဖို့လိုပြီး မြစ်ရေ၊ ချောင်းရေ ခမ်းခြောက်မှုကြောင့် ရေပြတ်လတ်မှုများလည်း ဖြစ်လာနိုင်ကြောင်း သိရသည်။

"ပူချက်ကတော့ ပြောမနေပါနဲ့တော့ ရန်ကုန်မှာ မီးကလည်း ပျက်တော့ ဘယ်လိုမှ နေမရဘူး၊ အညာဘက်တွေဆိုပိုဆိုပြီပေါ့၊ ဒီနှစ်ကတော့ တော်တော်ကို ပူတာ"ဟု ရန်ကုန်မြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။



အပူချိန် ကြာရှည် မြင့်တက်ခြင်းကြောင့် ခန္ဓာကိုယ်ဇီဝကမ္မဆိုင်ရာ ဖိစီးမှုတိုးလာပြီး  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများအပါအဝင် အသက် သေဆုံးသည်အထိ ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ လူမှုစီးပွားသက်ရောက်မှုများကိုလဲ ဖြစ်နိုင်သောကြောင့် ကျန်းမာရေးအတွက် ထုတ်ပြန်ထားသော အပူဒဏ်ကာကွယ်ရန် အချက်များကို လိုက်နာသင့်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။