မြန်မာနိုင်ငံတွင်း လေပွေလှိုင်းဖြတ်ချိန်တွင် နေရာကွက်၍ မိုးကြီးနိုင်

မြန်မာနိုင်ငံတွင်း လေပွေလှိုင်းဖြတ်ချိန်တွင် နေရာကွက်၍ မိုးကြီးနိုင်
စက်တင်ဘာ 19, 2024 | သဘာဝပတ်ဝန်းကျင်

တောင်တရုတ်ပင်လယ်မှ TD-SIXTEEN လေဖိအားနည်းရပ်ဝန်းမှ လေပွေလှိုင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းဝင်ရောက်ချိန်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ခန့်မှန်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဖာပွန်မြို့အနီးမှ ဖြတ်သန်းဝင်ရောက်လာမည့် လေပွေလှိုင်းသည် ပဲခူးတိုင်းအရှေ့ခြမ်းမှ ဒိုက်ဦးနှင့် ဝေါကြားကို  ဖြတ်သန်းချိန်တွင် ၂၄ နာရီအတွင်း မိုးရေချိန် (၅)လက်မနီးပါးအထိ မိုးများနိုင်မည်ဟု ခန့်မှန်းထားသည်။

ယင်းနောက် စက်တင်ဘာလ (၂၂)ရက်နေ့ ညပိုင်းတွင် ပြည်ခရိုင် သဲကုန်းမြို့ပေါ်မှ မြန်အောင်နှင့် သဲကုန်းကြားကို ဖြတ်ပြီး အနောက်ဘက် ရခိုင်ရိုးမမှ တစ်ဆင့် ဘင်္ဂလားပင်လယ်အော်သို့ ရောက်မည်ဟု ခန့်မှန်းထားသည်။

ယင်းသို့ဖြတ်သန်းချိန်တွင် ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ မြန်အောင်နှင့် မကွေးတိုင်းတောင်ဘက်ခြမ်းတို့၌ မိုးရေချိန် ၂၄ နာရီအတွင်း (၃)လက်မအထက်ရွာကာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

တောင်တရုတ်ပင်လယ်မှ TD-SIXTEEN လေဖိအားနည်းရပ်ဝန်းကို ဟောင်ကောင်၊ တရုတ်နှင့် ဂျပန်မိုးလေဝသဌာတို့က မုန်တိုင်းအဆင့်သတ်မှတ်ကာ နာမည်ပေးထားသည်ဟု သိရပြီး မြန်မာနိုင်ံ မိုးဇလကလည်း မုန်တိုင်းဟု အမည်ပေးကာ အထူးမိုးလေဝသသတင်းထုတ်ထားသည်ကို တွေ့ရသည်။

အဆိုပါ အပူပိုင်းလေဖိအားနည်းရပ်ဝန်းသည် တိုင်ဖွန်း ယာဂီ၏ အကြွင်းအကျန် လေပွေလှိုင်းတစ်ခုသာဖြစ်ပြီး အရွယ်အစားရော လေတိုက်အားပါ အလွန်လျော့နည်းသည့်အတွက် တိုင်ဖွန်းမုန်တိုင်းအဆင့်မဟုတ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်အသိပေးထားသည်။

#TachileikNewsAgency

Photo:Win Naing